PVTV ၏ တော်လှန်ရေးအနုပညာကဏ္ဍ (ကဗျာ)
“ယုံကြည်ချက်ခရီးသည်”
ကွန်ပြူတာ ၁ လုံး၊ ဖုန်း ၁လုံး နဲ့ အဝတ် ၄ စုံ ကျောပိုးအိတ်ထဲထည့်လို့
ဘယ်လောက်ကြာမယ်မသိတဲ့ ခရီးတစ်ခုကို
ယုံကြည်ရာ တစ်ခုအတွက် ငါ ခရီးနှင်ခဲ့တယ်။
အမြဲ စိတ်မချခဲ့ရတဲ့ မိသားစုကို စိတ်ချလက်ချထားပြီး
အားကိုးတကြီးကြည့်နေတဲ့ မျက်ဝန်းတွေကို လျစ်လျူရှုလို့
ယုံကြည်ရာ တစ်ခုအတွက် ငါ ခရီးနှင်ခဲ့တယ်။
ချစ်ရတဲ့ခေါင်းဆောင်ကို လွမ်းဆွတ်ရင်း၊ CRPH ကို မျှော်လင့်ရင်း
ပြည်သူ့အားကို ယုံကြည်ရင်း
ယုံကြည်ရာ တစ်ခုအတွက် ငါ ခရီးနှင်ခဲ့တယ်။
၂၀၂၁ မှာ ဘာတွေလုပ်မယ်၊ ၂၀၂၂ မှာ ဘာဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့
မျှော်လင့်ချက်တွေကို ဖေဖေါ်ဝါရီ အိပ်မက်ဆိုးနဲ့အတူ ပစ်ချခဲ့ပြီး
ယုံကြည်ရာ တစ်ခုအတွက် ငါ ခရီးနှင်ခဲ့တယ်။
ခြေထောက်တွေပေါက်ပြဲအောင် လမ်းတွေလျှောက်လို့
အသံတွေဝင်အောင် သွေးသစ္စာ ဆိုရင်း အတူတိုက်ပွဲဝင်ခဲ့တဲ့ လူငယ်တွေကို သတိရရင်း
ယုံကြည်ရာ တစ်ခုအတွက် ငါ ခရီးနှင်ခဲ့တယ်။
နေ့တိုင်းအသက်ပေးနေရတဲ့ အာဇာနည်တွေသတင်းနားထောင်ရင်း
စစ်မိစ္ဆာတွေကို ကျိန်ဆဲရင်း၊ NUG ကိုမျှော်လင့်အားကိုးရင်း
ယုံကြည်ရာ တစ်ခုအတွက် ငါ ခရီးနှင်ခဲ့တယ်။
မိုးထဲလေထဲ ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေ သတင်း ရင်နာနာနဲ့နားထောင်ရင်း
ငါတို့နိုင်မှ ဖြစ်မယ်ဆိုတဲ့စိတ်နဲ့
ယုံကြည်ရာ တစ်ခုအတွက် ငါ ခရီးနှင်ခဲ့တယ်။
အခုလား…
ငါယုံကြည်ရာအတွက် ဆက်လက်ရှင်သန်နေတယ်။
မနက်မိုးလင်းရင် ဒီနေ့ ငါရှင်သန်ရမယ်ဆိုတဲ့စိတ်နဲ့နိုးထပြီး..
ညမိုးချုပ်ရင် မနက်ဖန်ငါခရီးဆက်ရအုံးမယ်ဆိုတဲ့စိတ်နဲ့ အိပ်ယာဝင်တယ်…
ယုံကြည်ရာ တစ်ခုအတွက် ငါခရီးဆက်နှင်နေအုံးမယ်..
ဆက်နှင်နေအုံးမယ်….
နွေဦးခင်
Like – 4.5K Share – 382