PVTV ဆောင်းပါး

PVTV ဆောင်းပါး

“စစ်ဘီလူးတို့ရဲ့ အချက်ပေးခေါင်းလောင်းသံ”

///ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးက စိုးရိမ်ကြောင်းစာထုတ်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို စကားလုံးတွေနဲ့ တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ စစ်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ စစ်ဘီလူးတွေကတော့ အင်အားကြီးရင် ဘယ်သူ့ကိုမဆိုအနိုင်ကျင့်လို့ရတယ်၊ ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ တောရိုင်းဥပဒေသကို လက်တွေ့ ကျကျ ကျင့်သုံးပြပြီး ငြိမ်းချမ်းရေးကို လိုလားကြတယ်ဆိုတဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံးကို အချက်ပေးခေါင်းလောင်း ထိုးလိုက်ပြီဖြစ်ပါတယ်///

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ မြန်မာ့မြေပေါ်မှာ စစ်တပ်က လက်နက်အာကိုး အာဏာလုတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး မြန်မာ့သမိုင်းမှာကျန်ခဲ့ပြီလို့ ကျွန်တော်တို့အားလုံးထင်ထားခဲ့တဲ့ စစ်အာဏာရှင်စနစ်တစ်ခု ပြန်ခေါင်းထောင်ထလာချိန်မှာပဲ ကမ္ဘာ့သမိုင်းမှာ ကျန်ခဲ့ပြီလို့ ကမ္ဘာသူကမ္ဘာသားတွေ ထင်ထားခဲ့တဲ့ ကျူးကျော်နယ်ချဲ့စစ်ပွဲဟာလဲ ရုရှက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ မှာ ပြန်လည် ချဉ်းနင်းဝင်ရောက်လာခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးက စိုးရိမ်ကြောင်းစာထုတ်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို စကားလုံးတွေနဲ့ တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ စစ်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ စစ်ဘီလူးတွေကတော့ အင်အားကြီးရင် ဘယ်သူ့ကိုမဆိုအနိုင်ကျင့်လို့ရတယ်၊ ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ တောရိုင်းဥပဒေသကို လက်တွေ့ ကျကျ ကျင့်သုံးပြပြီး ငြိမ်းချမ်းရေးကို လိုလားကြတယ်ဆိုတဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံးကို အချက်ပေးခေါင်းလောင်း ထိုးလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ အဖွဲ့ဝင်တွေကို မတရားဖမ်းဆီးထိန်းသိမ်းပြီး ပြည်သူ့အာဏာကို လက်နက်နဲ့ ခြိမ်းခြောက်လုယူလိုက်တာဟာ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးထားမှုတွေဖြစ်တဲ့ လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု စတာတွေကို အကြီးအကျယ်ခြိမ်းခြောက်လိုက်တာဖြစ်ပြီး ရုရှရဲ့ ယူကရိန်းအပေါ် ကျူးကျော် တိုက်ခိုက်မှုကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးလာတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒီအာဏာရှင် (၂) ယောက်လုံးရဲ့ လုပ်ရပ်တွေဟာ ပြည်တွင်းရေးကိစ္စ၊ ဒေသတွင်းကိစ္စတွေ အဆင့် မဟုတ်တော့ပဲ ကမ္ဘာငြိမ်းချမ်းရေး ၊ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံးရဲ့လုံခြုံရေး နဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုတို့ကိုပါ အကြီးအကျယ်ထိခိုက်လာတဲ့ ခြေလှမ်းတွေဖြစ်တယ်ဆိုတာကို သေချာလေ့လာသုံးသပ်ကြည့်ရင် မြင်နိုင်မှာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား စစ်ရေး ဆက်စပ်ပတ်သက်မှုများ

ရုရှဟာ လက်နက်အားကိုးပြီး သူနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေပြီဖြစ်ပါတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ချက်ချင်းဆိုသလိုပဲ ဒီလုပ်ရပ်ကို ထောက်ခံပြောဆိုခဲ့ပါတယ်။ တကယ်တမ်းကျတော့ ရုရှဟာ ယူကရိန်းကို ကိုယ်ထိလက်ရောက် ဝင်တိုက်ပြီး ကျူးကျော်နေသလိုပဲ သူတို့ လိုသလိုခိုင်းလို့ရတဲ့ စစ်ခေါင်းဆောင်တွေကို လည်ပတ်ကြိုးပတ်ပေးထားပြီး မြန်မာနိုင်ငံကိုလဲ ကျူးကျော်ဖို့ ခြေလှမ်းတွေလှမ်းနေပြီဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၁ ဇွန် ၂၀ ရက်နေ့ကနေစတင်ပြီး ရက်သတ္တပတ်ကြာတဲ့ ရုရှနိုင်ငံခရီးစဉ်တစ်ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီ့ ခရီးစဉ်မှာ ရုရှသမ္မတပူတင်နဲ့ တွေ့ခွင့်မရခဲ့ပေမယ့် ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ လုံခြုံရေးကောင်စီအကြီးအကဲတို့ကတော့ မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့တာရှိပါတယ်။ အဲဒီ့ ခရီးစဉ်အတွင်းမှာပဲ ရုရှစစ်ဘက်ဆိုင်ရာ အကယ်ဒမီတစ်ခုက မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးအပ်ခဲ့တာလဲအားလုံးမှတ်မိကြမယ်ထင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇မှာ အကြမ်းဖက်စစ်တပ်ကကျင်းပတဲ့ စစ်ရေးချီတက်ပွဲမှာ T-72 နဲ့ BRDM တင့်ကားတွေ၊ MiG-29 နဲ့ Yak-130 တိုက်လေယာဉ်တွေ၊ Mi-24၊ Mi-35 နဲ့ Mi-17 ရဟတ်ယာဉ်တွေ ပါဝင်တဲ့ ရုရှားထုတ် စစ်လက်နက်များစွာကို ပြသခဲ့သလို အဲဒီ့ အခမ်းအနားကို ရုရှစစ်ရေးခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြပါတယ်။ အခုလက်ရှိ ပြည်သူလူထုကို အညှာအတာကင်းမဲ့စွာ၊ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေ အသုံးပြုနေသော စစ်လက်နက်ပစ္စည်းတွေထဲမှာ ရုရှကနေဝယ်ယူထားတဲ့ လက်နက်တွေများစွာပါဝင်နေပါတယ်။ လတ်တလော ကရင်နီပြည်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာဆိုရင်လဲ flying tank ဆိုပြီး ဝေဟင်က တင့်ကားလို့ တင်စားတဲ့ ရုရှားလုပ် Mi-35 တိုက်ရဟတ်ယာဉ်တွေနဲ့ Yak-130 တိုက်လေယာဉ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှာလဲ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာစစ်တပ် အားကစားပြိုင်ပွဲအမျိုးမျိုးမှာ ပါဝင်ဆင်နွဲခဲ့ပြီး တင့်ကားစွမ်းရည်ပြိုင်ပွဲ (tank biathlon)၊ တိုက်ရေယာဉ်စွမ်းရည်ပြိုင်ပွဲ (sea cup)၊ လက်ဖြောင့်စွမ်းရည်ပြိုင်ပွဲ (sniper frontier)၊ လေကြောင်းချီတပ်စွမ်းရည်ပြိုင်ပွဲ (airborne platoon) နှင့် စစ်တပ်ယဉ်ကျေးမှု (army of culture) တို့မှာပါဝင်ခဲ့တယ်လို့ သတင်းတွေထဲမှာ ဖတ်ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာလဲ မြန်မာနိုင်ငံ၊ ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရုရှားလုပ် BRDM-2M 4X4 သံချပ်ကာယာဉ်တွေပို့ဆောင်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက ဒီကားတွေကို ရုရှားကနေ ဝယ်ယူတာလား၊ လှူဒါန်းတာလားဆိုတာ အခုအချိန်မှာ မသိရသေးဘူးလို့ Myanmar Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။
“NLD အစိုးရကာလ နောက်ပိုင်းမှာလည်း နှစ်နိုင်ငံဆက်ဆံရေးက ဆက်ကောင်းနေပါတယ်။ အခုဆိုရင် ရုရှားနဲ့ ဆက် ဆံရေးက ပိုပြီး ခိုင်မာလာတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံမှာလည်း လေကြောင်းရန် ကာကွယ်ရေးစနစ်က ရုရှားက အဓိကပါ။ တရုတ်ကတော့ ဒုတိယပါ။ လေတပ်ချင်း ဆက်ဆံရေး နယ်ပယ်မှာလည်း နဂိုကထက် ပိုမိုပြီး ကျယ်ပြန့်လာနေ ပါတယ်” လို့ ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။

အကြမ်းဖက်စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား စီးပွားရေး ဆက်စပ်ပတ်သက်မှုများ

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေဖို့ ရည်ရွယ်တဲ့ ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ (1st Business to Business Dialogue) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ၁၃:၃၀ နာရီမှာ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဘဏ်၊ အာမခံ၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ရေးတို့မှာ ရင်းနှီးမြှုပ်နှံရန်၊ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် ပို့ကုန်တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
အဲဒီ့ ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်နှင့် ညီနောင်အသင်းများ ဖြစ်သောမြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ အာမခံ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ သတ္တု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ဆောင် မှုအသင်း၊ မြန်မာနိုင်ငံ စားသောက် ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် မြန်မာ – ရုရှား ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားသံရုံးမှ ကိုယ်စားလှယ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ရုရှားကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံဆိုင်ရာ ဆိုက်ဘေးရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါတယ်။ အဲဒီ့ဆွေးနွေးပွဲရလဒ်တွေကို အခြေခံပြီး ဆွေးနွေးပွဲတွေဆက်လက်ကျင်းပဖို့၊ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးတွဲကော်မရှင် အစည်းအဝေးပြုလုပ်ဖို့၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် လက်မှတ်ရေးထိုးနိုင်ဖို့ ရုရှားစီးပွားရေးကောင်စစ်ဝန် Mr. Andrei Lunak နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီးအမည်ခံ ဦးသန်းအောင်ကျော်တို့ အောက်တိုဘာ ၂၅ မှာ ထပ်မံဆွေးနွေးခဲ့ကြတယ်လို့လဲဆိုပါတယ်။
နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း အောက်တိုဘာ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့တယ်လို့ သိရတယ်။ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၁၉-၂၀ တွင် အမေရိကန်ဒေါ်လာ ၆၀ သန်းသာရှိပေမယ့် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး နောက်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး တိုးတက်စေပြီး ရုရှနဲ့ ဆက်ဆံရေးပိုမိုခိုင်မာဖို့ ဆက်တိုက်စီစဉ်လာတာကို တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ မတ်လမှာ အောင်မြင်နိုင်ခြေနည်းလို့ ယာယီရပ်ဆိုင်းထားခဲ့တဲ့ တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) ကို ရုရှားအကူအညီနဲ့ ၂၀၂၃ မှာ ပြန်လည်ပတ်နိုင်ဖို့လဲ အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေပါတယ်။ ဒါ့အပြင် မော်စကိုမှာ ပြုလုပ်တဲ့ ရုရှားစွမ်းအင်ဖိုရမ်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအမည်ခံ ဦးအောင်သန်းဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ဆွေးနွေးခဲ့တယ်လို့ ၂၀၂၁ အောက်တိုဘာ ၁၄ တွင် သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်ထက်၌ ရုရှားနှင့် မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးအစီအစဉ်များ တိုးတက်နေကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက Mainichi Shimbun သတင်းစာကို အောက်တိုဘာ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါတွေကတော့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီး နယ်ချဲ့လာတဲ့ ရုရှနဲ့ မြန်မာပြည်သူတွေဆီကနေ အာဏာကိုလုယူပြီး ဗိုလ်ကျစိုးမိုးဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတို့ရဲ့ကြားက စစ်ရေး၊ စီးပွားရေး ဆက်စပ်ပတ်သက်မှုတွေကို ဖတ်မိသလောက် စုစည်းပြတာဖြစ်ပြီး အဲဒီ့ စစ်ရေး၊ စီးပွားရေး နီးစပ်ပတ်သက်မှုတွေရဲ့ နောက်မှာ နိုင်ငံရေးအရရော ဘယ်လို ဆက်စပ်နေမလဲဆိုတာကိုတော့ ကျွန်တော်တို့အားလုံး ဆက်သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ပူတင်ဟာ သူ့နယ်မြေမှာ သူ့ရဲ့ ပါဝါကို ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီး ပြနေပြီဖြစ်သလို မင်းအောင်လှိုင်တို့လို့ အာဏာရူးတွေကို မွေးထားပြီး အာရှဘက်ကိုပါ ခြေလှမ်းတွေစနေပြီဆိုတာ ပါပဲ။ စစ်အာဏာရှင်တွေက သူတို့ရဲ့အင်အားဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို သုံးပြီး အစွမ်းကုန် ရိုင်းစိုင်းယုတ်မာပြနေချိန်မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူသားဖြစ်တည်မှုတို့ဘက်က အင်အားဆိုတာတွေကတော့ အတွေးအခေါ်တွေ တိုးတက်လွတ်လပ်လာကြတဲ့ မျိုးဆက်သစ်လူငယ်တွေအပါအဝင် ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားကြတဲ့ ပြည်သူတွေနဲ့ အစိုးရတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ် … ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့တန်ဖိုးတွေကို စစ်လက်နက်ပစ္စည်းတွေ၊ စစ်အင်အားတွေနဲ့ ခြိမ်းခြောက်စော်ကားလာမှုတွေ ခေါင်းထောင်ထလာချိန်မှာ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး လေပြေသွေးနေလို့ကတော့ ကဗျာဆရာ မိုးလှိုင်ညရေးထားတဲ့ ကဗျာတစ်ပုဒ်ထဲကလို “စစ်ပွဲတွေမရှိတော့တဲ့ ကမ္ဘာကို ငါတို့ မတည်ဆောက်နိုင်ရင် ကမ္ဘာကြီးမရှိတော့တဲ့ စစ်ပွဲကို ငါတို့ကလေးတွေရင်ဆိုင်ရ လိမ့်မယ်” ဆိုတဲ့ အဖြစ်ကို ရောက်သွားပါလိမ့်မယ်။
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်သော အရေးတော်ပုံများအောင်မြင်ပါစေ။ ။
နေဘုန်းလတ်
၂၆ ဖေဖော်ဝါရီ ၂၀၂၂
Reference :
Justice for Myanmar
Myanmar Witness
Myanmar Now
Irrawaddy
DICA Myanmar

#SpringRevolution
#PVTV
#PVTVArticle
#ArtofRevolution

Add your reaction

  1. ထောက်ခံတယ် လို့အပြန်အလှန်ပြောနေကြတယ် ဒါကြောင့်ဘာဘဲဖြစ်ဖြစ် ditto
    ထပ်တူ ။. ဆိုလိုတယ်

  2. စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်🙏🙏🙏
    ကျွန်တော်တတ်စွမ်းသလောက်မိတ်ဆွေတွေဆီကအကူအညီတောင်းကြည့်ပြီးပါပြီ
    အဆင်မပြေလို့တင်လိုက်ရတာပါခင်ဗျာ
    ကျွန်တော့်အကိုကားနဲ့အတိုက်ခံရပြီး ခြေထောက်ကြိုးတာ ၁နှစ်ကျော်ပါပြီ
    အခုဆေးရုံပြဖို့ကို အရိုးငှာနက ကိုဗစ်တွေအဖြစ်များလို့ပိတ်ထားလို့ပါ
    အကိုကလည်းအရမ်းကိုက်လို့အော်နေပါတယ်ဗျာ
    လမ်းထိပ်ကဆေးခန်းပြတာလည်းဆေးရုံပဲလွှတ်နေပါတယ်
    ကူညီပေးနိုင်တဲ့သူများရှိရင်ကူညီပေးကြပါဗျာ 🙏🙏
    မိတ်ဆွေတွေလည်းတတ်နိုင်သမျှကူညီခဲ့ပါတယ်
    သူတို့တွေဆီက အကူအညီတောင်းရတာ
    အားလည်းနာ ရှက်လည်းရှက်လာပါပြီ
    ရန်ကုန်မြောက်ဥက္ကလာ ဌရပ်ကွက် သစ္စာပန်းလမ်းမှာနေပါတယ်
    အပြင်ဆေးခန်းပြဖို့ ကျွန်တော့်လက်ထဲ ပိုက်ဆံ၁သောင်းမပြည့်လို့ပါ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.