PDF ရဲဘော်များသို့


PDF ရဲဘော်များသို့
ရေဒီယို NUG အသံလွှင့်အစီအစဥ်
(၅ အောက်တိုဘာ ၂၀၂၂)
ရဲဘော်တို့
ဒီကနေ့ စစ်ကောင်စီရဲ့အခြေအနေကိုကြည့်ရင် နိုင်ငံရေးထွက်ပေါက်ရော စစ်ရေးအသက် ရှုပေါက်ပါ အသည်းအသန်ရှာနေတယ်ဆိုတာ ငါတို့တွေ့နိုင်တယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ပြောပြောနေတဲ့ ရွေးကောက်ပွဲလုပ်မယောင်ယောင်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးသယောင်ယောင်၊၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယောင်ယောင်၊ ဖျက်မယောင်ယောင် လုပ်နေတာတွေက နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြံစည်အားထုတ်နေတာပဲ ဖြစ်တယ်။
ရွေးကောက်ပွဲဘာလို့လုပ်ချင်နေလဲ။ ဒီအချက်ကတော့ရှင်းတယ်။ ပြည်သူတွေလက်နဲ့ရေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အာဏာသိမ်းစစ်တပ်ကခြေနဲ့ဖျက်ပစ်ဖို့ပဲ။ တရားမဝင်အာဏာသိမ်းအဖွဲ့က လုပ်တဲ့ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိသလို ပြည်သူကလည်း အသိအမှတ်ပြုပါဝင်လိမ့်မယ် မဟုတ်ဘူး။တကယ်စစ်မှန်တဲ့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ကြမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းသုံးတဲ့ဝေါဟာရနဲ့ပြောရရင် ဒီစစ်အုပ်စုရဲ့စောက်ကျင့်ကို မြန်မာပြည်သူတွေကောင်းကောင်း နောကျေပြီးဖြစ်တယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် နယ်မြေစိုးမိုး ထိန်းချုပ်နိုင်စွမ်း တစ်နေ့တစ်ခြား ဆုံးရှုံးလာနေတဲ့စစ်ကောင်စီအနေနဲ့ဒီရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း သူတို့ကောင်းကောင်းသိတယ်။
သို့သော် သူတို့လိုချင်တာက မသမာတဲ့ရွေးကောက်ပွဲရလဒ်အတုအယောင်တစ်ခု ဖန်တီးပြီး ပြည်သူ့ဒီမိုကရေစီအာဏာကို ခြေနဲ့နင်းချေပစ်ဖို့၊စစ်အုပ်စုနဲ့လက်တစ်ဆုပ်စာ အလိုတော်ရိတွေရဲ့ လက်ထဲမှာ အာဏာကို လက်မလွှတ်စတမ်း ဆုပ်ကိုင်ထားဖို့ပဲဖြစ်တယ်။
ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ လက်နက်ကိုင်ရုံကိုင်ထားတဲ့ EAOs တွေရှိသလို ပြည်သူ့တော်လှန်ရေးမှာ ပြည်သူနဲ့အတူ ကိုယ်တိုင်ကိုယ်ကျရှေ့ဆောင်ပါဝင်ပြီး Ethnic Revolution ၊ Ethnic Resistance Organization (EROs) တွေအဖြစ် ပြောင်းလဲခံယူထားသူတွေ ရှိလာတယ်။
စစ်ကောင်စီအစိုးရိမ်ဆုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ညီတစ်ညွတ်တည်း တော်လှန်ရေးထဲပါဝင်လာမယ့်အရေးပဲ ဖြစ်တယ်။ ဒါ့ကြောင့် နယ်မြေ၊ ကိုယ်ကျိုးစီးပွား၊ အာဏာဝေစု၊ မက်လုံးပေးပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုကို ဖြိုခွဲပစ်ဖို့ဟာ သူတို့ရဲ့မဟာဥာဏ်နီ ဥာဏ်နက် ဖြစ်တယ်ဆိုတာ ငါတို့သတိပြုနိုင်တယ်။ နယ်မြေဒေသတစ်ချို့မှာ တိုင်းရင်းသားအချင်းချင်း သွေးခွဲ၊ သပ်လျှို၊ ရန်တိုက်ပေးတဲ့နည်းနဲ့ တော်လှန်ရေးလှိုင်းရှေ့တိုးမလာအောင် ဟန့်တားနှောက်ယှက် နေတယ် ဆိုတာလည်း တွေ့နိုင်တယ်။
တကယ်တော့ အစဥ်အလာရှိတဲ့တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ပတ်သတ်ရင် အံတိုနေပြီဆိုတော့ စစ်ကောင်စီရဲ့မျက်လှည့်ပွဲမှာ ကိုယ်တိုင်ဝင်ပြီး အသုံးတော်ခံကြမှာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ တိုင်းပြည်အပေါ်ဘယ်တုန်းကမှ စေတနာမရှိတဲ့ စစ်အုပ်စုဆီက ဘာမှ မျှော်လင့်လို့ မရနိုင်ဘူး။ သူနဲ့လုပ်တဲ့ ဘယ်လိုအပေးအယူမျိုးကမှလည်း အာမခံချက်မရှိဘူးဆိုတာ ခေါင်းဆောင်တွေကောင်းကောင်း သိတယ်။ အခြေအနေအကန့်အသတ်တစ်ခုကြောင့် မလွှဲမရှောင်သာ ပတ်သတ်ရသည့်တိုင် စစ်ကောင်စီရဲ့အလှည့်အပတ်ကို နည်းနည်းမှ ယုံကြည်စိတ်ချလိမ့်မယ် မဟုတ်ဘူး ဆိုတာ ငါတို့နားလည်နိုင်တယ်။
၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သတ်ပြီး ပြောရရင် အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ဒီဖွဲ့စည်းပုံကို ဖျက်ပစ်ရကောင်းနိုးနိုး စဥ်းစားနေတာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းကပဲ။ ဘာကြောင့် ဖျက်ချင် တာလဲ။အဓိက နှစ်ချက်ရှိလိမ့်မယ်။ပထမအချက် (၂၀၀၈) ဖွဲ့စည်းပုံနဲ့အညီဖြစ်ဖို့ဆိုရင် စစ်တပ်က ထင်သလို အာဏာသိမ်းလို့မရဘူး။ အခုအာဏာသိမ်းထားတာကလည်း (၂၀၀၈) ဖွဲ့စည်းပုံကို ချိုးဖောက် ပြီး အဓမ္မလုပ်ထားခဲ့တာပဲဖြစ်တယ်။ ဒုတိယအချက် ဒီဖွဲ့စည်းပုံက စစ်အုပ်စုရဲ့ အာဏာနဲ့ကိုယ်ကျိုးစီးပွား လိုဘကို ဖြည့်မပေးနိုင်ဘူး။ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့် (၇၅) ရာခိုင်နှုန်း ခွဲပေးထားရတာကို သူတို့ လုံးလုံး မရှုစိမ့်ဘူး။ နောက်ပြီး စစ်အုပ်စုကျုးလွန်တဲ့ မတရားမှု စစ်ရာဇဝတ်မှု တွေကို ဒီဖွဲ့စည်းပုံက အကာအကွယ်မပေးနိုင်ဘူး။
အခုတော့ ဒီဖွဲ့စည်းပုံကို ပြင်ရနိုးနိုး ဖျက်ရနိုးနိုး စမ်းတဝါးဝါးလမ်းပျောက်နေပုံပဲ။ သို့သော် ပြင်သည်ဖြစ်စေ၊ ဖျက်သည်ဖြစ်စေ ပြည်သူ့အကျိုးကိုတော့ ဘယ်တော့မှ ရှေးရှု့မှာ မဟုတ်ပဲ စစ်အာဏာ အသေဆုပ်ကိုင်ထားရေးကိုပဲ ဦးတည်ကြလိမ့်မယ်။ အဓမ္မသမားတွေပီပီ ဘယ်လိုနိုင်ငံရေး ထွက်ပေါက် မျိုးကိုမှ နည်းမှန်လမ်းမှန်ရှာဖွေဖို့ စဥ်းစားကြမှာ မဟုတ်ဘူး။ သူတို့ခေါင်းထဲ စွဲနေတာက ကလိမ်ဥာဏ်နဲ့ အကြောက်တရားပဲ။ စစ်တပ်ကို ပြည်သူက ခေါင်းမော်မကြည့်ရဲအောင် အဓမ္မပြုကျင့် အကြောက်တရား သွင်းရင်းနဲ့ သူတို့ကိုယ်တိုင်နေစရာ ထိုင်စရာ မရှိအောင် ကြောက်စိတ်ဝင်နေကြပြီဆိုတာ သေချာတယ်။ ဒီအကြောက်တရားကြောင့်ပဲ မျက်လုံးစုံကန်းပြီး အမှားတွေပဲ ဆက်တိုက်ဆက်ပြီး ကျုးလွန်ကြလိမ့်မယ်။
တကယ်တမ်းစစ်ကောင်စီလိုချင်တာက အချိန်ပဲ။ အချိန်ကို ဆွဲဆန့်နိုင်တာနဲ့အမျှ ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ် တစ်ဖြည်းဖြည်းကျဆင်းသွားစေဖို့၊
လက်နက်နဲ့ရန်ပုံငွေအခက်အခဲကြား တော်လှန်ရေးအင်အားတစ်စစ ယုတ်လျော့သွားစေဖို့၊ တော်လှန်ရေး အင်အားစု အချင်းချင်း စိတ်အခန့်မသင့်မှုများလာရာကနေ စုစည်းညီညွတ်မှုပြိုကွဲသွားစေဖို့ သူတို့လိုလား တယ်ဆိုတာ သေချာတယ်။
စစ်ကောင်စီအလိုကျ ဘယ်တော့မှ အဖြစ်မခံဘူးဆိုတာ ပြည်သူကို ငါတို့အာမခံရလိမ့်မယ်။ ငါတို့ညီရမယ်။ ငါတို့စုစည်းရမယ်။ စစ်ကောင်စီကို ထွက်ပေါက်ရှာခွင့်၊ အချိန်ဆွဲခွင့် ငါတို့ပေးလို့မရဘူး။ ငါတို့စိတ်ဓာတ်၊ ငါတို့အင်အား၊ ငါတို့ဥာဏ်ပညာ၊ ငါတို့စုစည်းညီညွတ်မှုကို အစွမ်းကုန်မြှင့်တင်ပြီး ပြည်သူအပေါ် အဓမ္မပြုကျင့်နေတဲ့ အကြမ်းဖက်အုပ်စုကို အမြန်ဆုံး အမြစ်လှန်ချေမှုန်းကြပါစို့။
ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။

ရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.