One Day Challenge ကိုရီးယားအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရကို တတိယအကြိမ်မြောက် ဒေါ်လာတစ်သိန်းပေးပို့လျှုဒါန်း
ဒီဇင်ဘာ ၂၇၊ ၂၀၂၁
One Day Challenge လှုပ်ရှားမှုပြုလုပ်နေတဲ့ ကိုရီးယားရောက်မြန်မာတွေက အမျိုးသားညီညွတ်ရေးအစိုးရ ကို ဘဏ္ဍာရန်ပုံငွေအဖြစ်လျှုဒါန်းလျက်ရှိရာ တတိယအကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်းကို လျှုဒါန်းခဲ့ပါတယ်။
လျှုဒါန်းငွေ အမေရိကန်ဒေါ်လာတစ်သိန်းကို လက်ခံရရှိကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ရက်စွဲနဲ့ ပြန်လည်ပေးပို့ခဲ့တယ်လို့ One Day Challenge အဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) အနေနဲ့ ONE DAY CHALLENGE လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် ၁၄၈၉ ဦး ရှိနေပြီဖြစ်ရာ လစဉ် အမျိုးသားညီညွတ်ရေးအစိုးရကို ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၃၉,၃၂၀,၀၀၀(စာသားဖြင့် – တစ်ထောင် သုံးရာ ကိုးဆယ့် သုံးသိန်း နှစ်သောင်း)ဝမ်အား လျှုဒါန်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
One Day Challenge အနေနဲ့ ဩဂုတ်လကနေ ဒီဇင်ဘာလအထိ ရရှိထားတဲ့ ရန်ပုံငွေတွေထဲကမှ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ညီမျှတဲ့ ဝမ်ငွေ ၁၂၀၃ သိန်းကို ပထမအကြိမ်အဖြစ် အောက်တိုဘာ ၆ ရက်တွင် လှူဒါန်းခဲ့ပြီး၊ နိုဝင်ဘာ ၁၅ ရက်တွင် ဒေါ်လာတစ်သိန်းနှင့်ညီမျှတဲ့ ကိုရီးယား ဝမ်ငွေနဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ ဒေါ်လာတစ်သိန်းနဲ့ ညီမျှတဲ့ ကိုရီယား ဝမ်ငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရထံကို ကိုရီးယားဘဏ်ကနေ ပေးအပ်လျှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ပေါ်ထွန်ရေးတို့အတွက် ONE DAY CHALLENGEလှုပ်ရှားမှုမှာ တက်ကြွစွာပူးပေါင်း ပါဝင်ပေးကြတဲ့ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကို အထူးကျေးဇူးတင် ဂုဏ်ယူအပ်ပါကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews