NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို ဖယ်ထားပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးရင် မြန်မာ့အရေး ပြေလည်စရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူပြောကြား

NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို ဖယ်ထားပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးရင် မြန်မာ့အရေး ပြေလည်စရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူပြောကြား
ဒီဇင်ဘာ ၂၁ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို ဖယ်ထားပြီး အကြမ်းဖက်စစ်ကောင်စီနဲ့သာ တဘက်သက် ဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် မြန်မာအရေးက ပြေလည်စရာ မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံတွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်နေတဲ့ အပေါ် ဦးနေဘုန်းလတ်က BBC သတင်းဌာနကို အခုလို မှတ်ချက်ပြုထားတာပါ။

“NUG ကို ဖယ်ထားလို့ကို မရဘူး။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဆိုတာလည်း ဖယ်ထားလို့ မရတဲ့ Stakeholder တွေပဲ။ ဒါတွေမပါဘဲနဲ့ စစ်အုပ်စုနဲ့ဘဲ တဘက်သက် ဆက်ဆံပြီးတော့ ဒီကိစ္စတွေ လုပ်မယ်ဆိုရင်တော့ ပြဿနာလည်း ပြေလည်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုတောင်မှ ကျဆင်းစေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျနော် ကတော့ အဲလိုပဲ မှတ်ချက်ပြုချင်ပါတယ်။ တကယ်လို မြန်မာနိုင်ငံရဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်း ကူညီချင်တယ်ဆိုရင် တော့ မြန်မာ့ပြည်သူတွေရဲ့ အသံက ဘာလဲပေါ့။ ပြည်သူတွေရဲ့ ဆန္ဒက ဘာလဲ။ ဒါကို မဖြစ်မနေ သိဖို့လိုတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးမယ့်အပေါ်မှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံ က တက်ရောက်မယ်ဆိုတဲ့အကြောင်း BBC သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင်း သတင်းဌာနတွေမှာတော့ အဲဒီအစည်းအဝေးကို လာမတက်တဲ့ နိုင်ငံတွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကတော့ အဲဒီအလွတ်သဘော တွေ့ဆုံမယ့် အစည်းအဝေးကို အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ထားတယ်လို့လည်း BBC သတင်းဌာနက ဖော်ပြထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.