NUGနဲ့ ပူးပေါင်းပြီး CDM ကြိုဆိုလက်ခံရေးနဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေကို ပြည်သူ့ပံ့ပိုးမှုနဲ့ ပိုမို လုပ်ဆောင်သွားမယ်လို့ CDMတပ်မတော်သားတွေ ထုတ်ပြန်

NUGနဲ့ ပူးပေါင်းပြီး CDM ကြိုဆိုလက်ခံရေးနဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေကို ပြည်သူ့ပံ့ပိုးမှုနဲ့ ပိုမို လုပ်ဆောင်သွားမယ်လို့ CDMတပ်မတော်သားတွေ ထုတ်ပြန်
◾️ တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက် မရှိတဲ့သူတွေ CDMမှာ မပါဝင်လာစေရေး စိစစ်မယ်
အောက်တိုဘာ ၇ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပူးပေါင်းပြီး တော်လှန်ရေး အောင်မြင်ရန် လမ်းစဖြစ်တဲ့ CDM ကြိုဆိုလက်ခံရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကိုပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ပိုမိုလုပ်ဆောင်သွားမယ်လို့ CDM တပ်မတော်သားများ က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက် မရှိသူတွေ CDM မှာ မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ် ဆောင်ရွက်မှာ ဖြစ်ပြီး တော်လှန်ရေး အောင်မြင်နိုင်မှု အတွက် CDM တပ်မတော်သား စစ်စစ်တွေ အနေနဲ့ ပိုမိုကြိုးစား ဆောင်ရွက်သွားမယ်လို့ ပြည်သူလူထုထံ အသိပေး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခု ထုတ်ပြန်ချက်ကို ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့က ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ ပူးပေါင်းထုတ်ပြန်ခဲ့တာပါ။

အောက်တိုဘာ ၅ရက်နေ့မှာ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေနဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိခဲ့တဲ့ ပြည်သူ့သစ္စာဖောက် ဗိုလ်မှူးမျိုးမင်းထွန်း ရဲ့ ရုပ်သံနဲ့ ပတ်သက်ပြီး CDM တပ်မတော်သားတွေရဲ့ သဘောထားကို ထုတ်ပြန်ရာမှာ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့တာပါ။

နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ခုခံစစ်ကြောင့် စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေနဲ့ စစ်ကြောင်းတွေ ထိခိုက်ကျဆုံးများပြားနေတဲ့ အခြေအနေမှာ ခမရ(၃၅၁)ယာယီတပ် ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းဟာ သူ့ရဲ့ သဘောဆန္ဒနဲ့အညီ CDM ပြုလုပ်ဖို့ ဆက်သွယ်လာလို့ လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တချိန်တည်းမှာ ဗိုလ်မှူးမျိုးမင်းထွန်းရဲ့ ဇာတိ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးမှုတွေ ရှိနေချိန်၊ စစ်ကောင်စီခေါင်းဆောင်တွေက လက်အောက်ငယ်သားတွေရဲ့ အသက်ကို ပဓာနမထားဘဲ အသေခံတိုက်ပွဲဝင်ဖို့ ညွှန်ကြားမှုတွေကြောင့် သူဟာ CDM လုပ်ဖို့ ဆက်သွယ်လာတာဖြစ်ပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းအနေနဲ့ ပြည်သူ့ဘက် ပူးပေါင်းလာချိန်မှာ ပြည်သူအများရဲ့ ထောက်ခံမှုကို ရခဲ့သလို ၎င်း နေထိုင် စားသောက်နိုင်ရေးအတွက် CDM တပ်မတော်သားများက တက်နိုင်တဲ့ ဘက်က ဝိုင်းဝန်း ဆောင်ရွက် ပေးခဲ့တဲ့အပြင် NUGနဲ့ ပြည်သူတွေကလည်း အခြားလိုအပ်တဲ့ ထောက်ပံ့မှုတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းဟာ တော်လှန်ရေးအပေါ် ယုံကြည်ချက်၊ ခံယူချက်မရှိတဲ့အပြင် တော်လှန်ရေးအင်အားစုများအတွက် ၎င်းသိရှိထားတဲ့ ပညာရပ်တွေနဲ့ အတွေ့အကြုံတွေကို တစုံတရာ မျှဝေခြင်းမရှိခဲ့ပေမယ့် ပြည်သူ့ဘက် ပူးပေါင်းလာတဲ့အတွက် ၎င်း ဘ၀ လုံခြုံရေးနဲ့ လိုအပ်ချက်အားလုံးကို တတိယ နိုင်ငံရောက် CDM တပ်မတော်သားများ၊ ပြည်ပရောက် ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မကြာမီကာလအတွင်း တတိယ နိုင်ငံသို့ သွားရောက်ရတော့မယ့် အခွင့်အရေးကို ရရှိထားသူဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် ဗိုလ်မှူးမျိုးမင်းထွန်းဟာ တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိမှု၊ စိတ်ဓာတ်ပျော့ညံ့မှု၊ အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်လိုစိတ် မရှိမှုနဲ့ ၎င်း အသက်သေဆုံးနိုင်မှု ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ဖုံးကွယ်ပြီး ပကတိ အမှတ်တရားတွေကို မျက်ကွယ်ပြုကာ NUGနဲ့ CDM ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ထိုးနှက်တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက် စစ်ကောင်စီက မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်ဖို့ အမိန့်ပေးခဲ့တဲ့အတိုင်း ပြောဆိုခဲ့တာကြောင့် ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း CDM တပ်မတော်သားများက အသိပေးထားပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တိုင်း သိရှိစေနိုင်ဖို့ အတွက် အကြမ်းဖက် စစ်တပ်အတွင်းမှ ပြည်သူနဲ့ပူးပေါင်းရပ်တည်လျက်ရှိတဲ့ မိမိတို့ရဲ့ အမာခံ အတွင်းလူတွေရဲ့ အကူအညီနဲ့ ပူးပေါင်းပါဝင်သူ အားလုံး ကို စုံစမ်းလျက်ရှိတယ်လို့လည်း ထုတ်ပြန်ခဲ့ပြီး ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်ကို သင်ခန်းစာယူကာ တော်လှန်ရေး ခံယူချက် ယုံကြည်ချက်မရှိတဲ့သူတွေ CDMမှာ မပါဝင်လာစေဖို့ ဆောင်ရွက်သွားမယ်လို့ဖော်ပြခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.