NLD ပါတီက ပြည်သူတွေရဲ့ပါတီဖြစ်တဲ့အတွက် ပြိုကွဲအောင်လုပ်လို့ မရဘူးလို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ပြော

NLD ပါတီက ပြည်သူတွေရဲ့ပါတီဖြစ်တဲ့အတွက် ပြိုကွဲအောင်လုပ်လို့ မရဘူးလို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ပြော
ဇန်နဝါရီ ၁၃ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပို ပြိုကွဲအောင်လုပ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်နေတယ်ဆိုတဲ့အပေါ်မှာ NLD ပါတီက ပြည်သူတွေရဲ့ပါတီဖြစ်တဲ့အတွက် ပြိုကွဲအောင်လုပ်လို့ မရဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဌလည်းဖြစ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၊ ဗဟိုအလုပ် ကော်မတီ CWC ရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က PVTV ကို ပြောကြားလိုက်ပါတယ်။

“NLD ကပြည်သူ့ရဲ့ ပါတီဖြစ်တယ်။ ပြည်သူနဲ့ တသားတည်း ပဲရှိတယ်။ အဲဒီတော့ လူထုရဲ့ ဆန္ဒအတိုင်းဆောင်ရွက်မှသာလျှင် NLD ပါတီဖြစ်မယ်။ ဟိုဘက်ကိုသွားပေါင်းလိုက် ပြီဆိုရင် NLD လို့ကို ပြောလို့မရနိုင်တော့တဲ့ အနေအထားမျိုးမှာရှိတယ်။ အခုအချိန်ထိလည်းပဲ သူတို့နဲ့သွားပြီး တော့ပေါင်းပါမယ်ဆိုပြီးတော့ ထုတ်ပြောရဲတဲ့ ထုတ်ပြောထားတဲ့ ပုဂ္ဂိုလ်လည်း တစ်ဦးတစ်ယောက်မှ ကျနော်မတွေ့ရသေးဘူး။ တကယ်တန်းကျတော့ ပြည်သူတွေရဲ့ဟာကို ဆန့်ကျင်ပြီးတော့ လုပ်သွားဖို့ဆိုတာ အင်မတန်လွယ်ကူတဲ့ကိစ္စ တော့မဟုတ်ဘူး။ ဒါကြောင့် ဒီလိုနည်းနဲ့ ကွဲမလာဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ပြောနေတာလည်းပဲ အကျိုးသက် ရောက်မှုမရှိဘဲနဲ့ အချည်းအနှီးပဲဖြစ်လိမ့်လို့တော့ ကျနော်ဒီလိုပဲ ပြောချင်ပါတယ်။” လို့ ဦးအောင်ကြည်ညွန့်က PVTV ကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြိုအောင်ရည်ရွယ်ချက်နဲ့ အပျော့လိုင်းနဲ့ အမာလိုင်းရှိတယ်ဆိုတာတွေကို ပြောကြားထားတာလည်း တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်ကြည်ညွန့်က “အဲဒါကတော့စစ်ကောင်စီက အခုပြောချင်တာပြောပြီး လုပ်ချင်တာလုပ်နေတာ ကမ္ဘာသိဖြစ်နေပြီ။ စောစောပိုင်းက တမျိုး ပြောတယ်။ နောက်တော့တမျိုးပြောတယ်။ အခု NLD ပါတီထဲကနေပြီးတော့ ကွဲထွက်လာမလားဆိုတဲ့ အမျှော်နဲ့ ထိုးကွဲဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ။ သူတို့ရဲရည်ရွယ် ချက်က။ ဒါကိုတော့ ကျနော်သိပ်ပြီးတော့ မစိုးရိမ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီထဲကနေပြီးတော့ NLD ပါတီကစစ် ကောင်စီ နဲ့သွားပြီးတော့ပေါင်းမယ်ဆိုတဲ့ အနေအထားမျိုးကတော့ ဘယ်လိုမှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။”လို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး ထားတဲ့အတွက် ဗဟိုအလုပ်ကော်မတီ (CWC) ကို ဖွဲ့စည်းခဲ့ပြီး ပါတီလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အစည်းအဝေးမရှိတဲ့အတွက်ကြောင့် ပါတီရဲ့ မူဝါဒရေးရာဆုံးဖြတ်ချက်တွေကို ဆောင်ရွက်မှု မပြုလုပ်ဘဲ ရပ်ထားမယ်လို့လည်း သိရပါတယ်။

နိုင်ငံတာကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့နဲ့ တွေ့ဆုံတာမျိုးရှိပေမယ့်လည်း အဲဒီလိုတွေ့ဆုံတာမျိုးက ပါတီကို ကိုယ်စားမပြုကြောင်းနဲ့ တွေ့ခဲ့တယ်ဆိုတဲ့သူတွေကိုယ်တိုင်တောင် တွေ့ဆုံခဲ့ပါတယ်ဆိုတာမျိုး တရားဝင်ထုတ်ပြန်ချက် ထုတ်တာမျိုးမတွေ့ရသေးဘူလို့လည်း ဦးအောင်ကြည်ညွန့်က PVTV ကို ပြောကြားထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.