KNU က စစ်ကောင်စီရဲ့ စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းတွေ နှုတ်ထွက်ပြီး ပြည်သူတွေနဲ့ အတူ ရပ်တည်ဖို့ ကြေညာတဲ့အပေါ် စစ်ကောင်စီက ကန့်ကွက်စာပို့
မတ် ၁၈ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘားအံ(ဖားအံ)မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းတွေ အားလုံး ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်သော အာ ဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုဘဲ အချိန်မနှောင်းမီ ပြည်သူနဲ့ အတူရပ်တည်ကြဖို့ ကြေညာခဲ့တဲ့ အပေါ် စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ကြောင်း KNU ထံ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
KNU ဘားအံမြို့နယ်၊ တပ်ရင်း ၁ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ် (ပသစ)တွေ လုပ်ငန်းတာဝန်က နှုတ်ထွက်ဖို့ ၊ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ၊ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး မိမိလက်ရှိ လုပ်ငန်းတာဝန်က နှုတ်ထွက်ကြဖို့ ဖေဖော်ဝါရီ ၇ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီက မတ်လ ၁၄ရက်မှာ KNU ဗဟိုနဲ့တပ်မဟာများ ဆက်ဆံရေးရုံးသို့ စာပို့ခဲ့ရာမှာ KNUရဲ့ ကြေညာချက်ကြောင့် ဘားအံမြို့နယ်အတွင်းရှိ စာသင်ကျောင်း ၄ကျောင်းက ကျောင်းကော်မတီတွေက သက်ဆိုင်ရာ ဝန်ထမ်းတွေကို လုံခြုံမှု မပေးနိုင်လို့ ကျောင်းတွေကို ဖေဖော်ဝါရီ ၁၀ရက်က စပြီး ပိတ်ထားရကြောင်း၊ KNU အနေနဲ့ NCA စာချုပ်ကို လိုက်နာ ဆောင်ရွက်ဖို့၊ နယ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်မှုမရှိစေဖို့ ထိန်းသိမ်း ကြပ်မတ်ပေးရန် ဆိုပြီး ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီ၏ အကြောင်းကြားစာနဲ့ ပတ်သက်ပြီး KNU ဗဟို မှ သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီ တပ်က ပြည်သူလူထု ရွေးချယ်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ အာဏာလုလိုက်ကတည်းက NCAဟာ ပျက်ပြယ်သွားပြီလို့ မှတ်ယူရမှာဖြစ်ကြောင်း ပြောပါတယ်။
KNU အနေနဲ့ လက်ရှိ အခြေအနေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် စစ်အာဏာရှင် ပြုတ်ကျရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်ဖြစ်တယ်လို့ KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောပါတယ်။
“ စစ်ရေးအရဖြစ်စေ နိုင်ငံရေးအရ ဖြစ်စေ ၊ သံတမန်ရေးအရဖြစ်စေ ပူးပေါင်းပြီး ဆောင်ရွက်မှာပဲ” ဟု သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ NCA ချိုးဖောက်ခြင်း သာမက လက်နက်နဲ့ပြည်သူလူထုတွေကို အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာ တွေအပါအဝင် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။