“Kaung For You Education” ရဲ့ ဆရာတွေနဲ့ ကျောင်း သားကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးမှုအပေါ် ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်
◼ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်
ဇူလိုင် ၁၄ ၊ ၂၀၂၂
“Kaung For You Education” အွန်လိုင်းအခြေပြု ပညာသင်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာ “Kaung For You Education” အနေနဲ့ မကြာသေးမီက အချက်အလက် ကျိုးပေါက်မှု ရှိခဲ့တာကိုလည်း လေ့လာသိရှိရတယ်လို့ ဖော်ပြထားသလို အွန်လိုင်းအခြေပြု ပညာသင်ကျောင်းတစ်ခုအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူခဲ့ပြီး စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့တာက အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ကိုယ်ရေးအချက်အလက် လုံခြုံခွင့် (Right to Privacy) ကို ချိုးဖောက်မှု ဖြစ်တယ်လို့ ဖော်ပြထားပြီး အဲ့ဒီအတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအနေနဲ့ တာဝန်ခံရန် တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ ပညာရေးအခွင့်အရေး (Right to Education) ကလည်း အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်လို့ ဆိုထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ပညာသင်ကြားတာ၊ သင်ယူတာကို အကြောင်းပြုလို့ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ မပြုအပ်ဘူးလို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာနဲ့ ခြိမ်းခြောက်တာက အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြတဲ့ ကျောင်းသား/ကျောင်းသူတွေရဲ့ လုံခြုံရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့အနေနဲ့ အထူးစိုးရိမ်လျက်ရှိပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။