International Women of Courage Award ဆုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဒုဝန်ကြီးတစ်ဦးဖြစ်သူ မအိသဉ္စာမောင် ရရှိ

International Women of Courage Award ဆုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဒုဝန်ကြီးတစ်ဦးဖြစ်သူ မအိသဉ္စာမောင် ရရှိ
မတ် ၉ ၊ ၂၀၂၂

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ International Women of Courage Award(IWOC) ဆုအ တွက် ၂၀၂၂ ခုနှစ် ဆုရရှိသူတွေကို ထုတ်ပြန် ကြေညာခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်သူ မအိသဉ္စာမောင် ပါဝင်ခဲ့ပါတယ်။

နှစ်စဉ်ဆုချီးမြှင့်နေကြ ဖြစ်တဲ့ International Women of Courage Award(IWOC) အတွက် ဆုရရှိသူ ၁၂ ဦးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာပါ။

ကြေညာချက်ထဲမှာတော့ ဒီဆုက ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမှုရေးတွေမှာ ကိုယ်ကျိုးမဖက်ဘဲ အနစ်နာခံလုပ်ဆောင်ခဲ့ကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်နေတဲ့ဆုလို့ ဖော်ပြထားပါ တယ်။ IWOC ဆုကို ၂၀၀၇ ခုနှစ်ကတည်းက ချီးမြှင့်လာတာဖြစ်ပြီးတော့ နိုင်ငံပေါင်း ၈၀ ကျော်က အမျိုးသမီးပေါင်း ၁၇၀ ကို ဆုချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် ဆုပေးတဲ့စာရင်းမှာ မြန်မာနိုင်ငံအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုဝန်ကြီးဖြစ်သူ မအိသဉ္စာမောင်နဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီရတ်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မော်ဒိုဗာ၊ နီ ပေါ၊ ရိုမေးနီးယား၊ တောင်အာဖရိကနဲ့ ဗီယက်နမ် နိုင်ငံတွေက အမျိုးသမီးတွေလည်း ပါဝင်တာ တွေ့ရပါတယ်။

ဆုပေးပွဲကို မတ် ၁၄ ရက်မှာ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဂျေဘလင်ကင်က အွန်လိုင်းကနေ ပြုလုပ် သွားမှာပါ။

International Women of Courage Award(IWOC) ဆုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်က ၂၀၁၂ ခုနှစ်မှာ ရရှိထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.