EOD ပရောဂျက်အတွက် အစုရှယ်ယာ ၁၀၀ နဲ့ အထက်ဝယ်ယူသူတွေကို ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့
ဇူလိုင် ၁ ၊ ၂၀၂၂
အာဏာရှင် အဆုံးသတ် နိဂုံး (End of Dictatorship) ရဲ့ ပထမဆုံး ပရောဂျက်ဖြစ်တဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို အစုရှယ်နဲ့ ရောင်းချလျက်ရှိရာ အစုရှယ်ယာ ၁၀၀ နဲ့အထက်ဝယ်ယူတဲ့သူတွေကို EOD Team က အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့မှာဖြစ်တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ အာဏာရှင် အဆုံးသတ် နိဂုံး (End of Dictatorship) မှာ နှစ်လပြည့်ခါနီးအချိန်မှာပဲ အင်းလျားလမ်းပေါ်က မင်းအောင်လှိုင်ရဲ့ ခြံအမှတ် ၁၄ အိမ်ကို အစုရှယ်ယာရောင်းချခဲ့တာ ၈၀ ရာခိုင်နှုန်းနီးပါးအထိကို ပြည်သူတွေက ဝယ်ယူအားပေးခဲ့ကြတယ် လို့ သတင်းထုတ်ပြန်ထားတာပါ။
အာဏာရှင် အဆုံးသတ် နိဂုံး (End of Dictatorship) ‘EOD ရှယ်ယာ ၁ စုကနေ အများဆုံး အနေနဲ့ ၂၁၇၄ စု ထိ ဝယ်ယူသူ အားလုံးကို EOD Team မှ လေးစားဦးညွှတ်ပါတယ်။ တော်လှန်ရေးမှာ ဘဏ္ဍာငွေ (တည့်တည့်ပြောရရင် ပိုက်ဆံ) လိုပါတယ်။ တိုက်ပွဲကြီးတွေ ဆင်နွှဲဖို့ အနိုင်ယူဖို့အတွက် ဘဏ္ဍာငွေဟာ အရေးကြီးတဲ့ အထောက်အပံ့ပါ။ လူအင်အား၊ စိတ်ဓာတ်၊ သတ္တိ အကုန်ပြည့်စုံ နေချိန်မှာ ဘဏ္ဍာငွေလိုအပ်ချက်ကြောင့် အချိန်ပိုကြာပြီး ပြည်သူ့အသက်အိုးအိမ်တွေ ပိုဆုံးရှုံးရတာမျိုး ဖြစ်တာဟာ တော်လှန်ရေးကာလအလွန် အထိ တိုင်းပြည်အတွက် ပိုမိုနစ်နာစေတယ်ဆိုတာ ပြည်သူအများ နားလည်လက်ခံပြီးသားဖြစ်နေမှာပါ’ လို့ ပြောထားပါတယ်။
တော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ ပါဝင်ထားတဲ့ ငွေကြေးတွေကို တော်လှန်ရေးအလွန်ကာလမှာ ပြန်လည် အသုံးချနိုင်ဖို့အပြင်၊ အကျိုးအမြတ်ပါ ရရှိခံစားနိုင်အောင် စီစဉ်ထားခြင်းက EOD ရှယ်ယာတွေ ရောင်းချပြီး ဘဏ္ဍာငွေ ရှာဖွေခြင်းရဲ့ အဓိကရည်ရွယ်ချက် ဖြစ်တာကြောင့် ပြည်သူအများ ပါဝင်နိုင်အောင် ဒေါ်လာ ၁၀၀ မှ စတင် ရောင်းချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သို့သော်လည်း အချို့သော ပြည်သူများမှ တစ်ဦးလျင် ဒေါ်လာသောင်းဂဏန်း၊ သိန်းဂဏန်းအထိ ပါဝင်ပြီး တော်လှန်ရေးကို အားဖြည့်ကြပါတယ်။ အစုရှယ်ယာ ၁၀၀ နဲ့ အထက် ဝယ်ယူသူများကို EOD Team က အမှတ်တရတစ်ခု အနေနဲ့ “ဂုဏ်ပြုမှတ်တမ်းလွှာ” ပေးပို့သွားမှာဖြစ်ပါတယ်။
ထပ်မံပြီးလဲ တော်လှန်ရေးအတွက် အထောက်အကူပြုရင်း အကျိူးအမြတ်များများ ရနိုင်ဖို့ ငွေကြေးတတ်နိုင်သူများမှ များများပါဝင်လာရန် ဖိတ်ခေါ်ထားတာလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။