CDM ဝန်ထမ်းတွေကို ဖိအားပေးနေတဲ့ Non-CDM အရာရှိဝန်ထမ်း အရောက်၃၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်းသွင်းကာ ထုတ်ပယ်
၂၀ နိုဝင်ဘာလ ၂၀၂၁
မတရားတဲ့အမိန့်အာဏာဟူသမျှ ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေအပေါ် ဖိအားပေးခြိမ်းခြောက်ခြင်း၊ တရားစွဲဆိုခြင်းတွေ ပြုလုပ်နေတဲ့ Non-CDM အရာရှိဝန်ထမ်း ၃၁ ဦးကို အမျိုးသား ညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအမိန့်နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ အရာရှိဝန်ထမ်း ၃၁ ဦးကို နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ အမည်ပျက်စာရင်းသွင်းပြီး ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ထုတ်ပယ်ခံရသူတွေထဲမှာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်စိုး တို့ပါဝင်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး အစရှိတဲ့ ဒေသတွေက ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတွေလဲ ပါဝင်တာတွေ့ရပါတယ်။ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး ၈ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၁၁ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၁၀ ဦးတို့ဖြစ်ပါတယ်။
အဆိုပါ ပုဂိ္ဂုလ်တွေဟာ CDM ဝန်ထမ်းတွေကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးကထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်က ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနဲ့ ဥပဒေနှင့်အညီ ပြန်ဆပ်ရန်မလိုတော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္ဓပြန်လည်ပေးဆပ်ခိုင်းခြင်းတွေ လုပ်ဆောင်ခဲ့ကြလို အခုလို အမည်ပျက်စာရင်းသွင်း ရခြင်းဖြစ်တယ် လို့ ထုတ်ပြန်ချက်ထဲမှာပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့ အောက်တိုဘာလကစပြီး အမိန့်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးသော ဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်းသူရဲကောင်းတွေကို လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်။

