CDM ဝန်ထမ်းတွေကို ဖိနှိပ်မှုလုပ်နေတဲ့ ပညာရေးဝန်ကြီးဌာနက Non-CDM အရာရှိဝန်ထမ်းတွေကို သက်သေအပြည် အစုံနဲ့ တရားစွဲဖို့ စီစဉ်နေ
ဖေဖော်ဝါရီ ၄ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ မလုပ်ဘဲ ပြည်သူနဲ့အတူ ရပ်တည်ဖို့ CDM ပြုလုပ်လာတဲ့ ဝန်ထမ်း တွေကို ဖိနှိပ်မှုတွေလုပ်နေတဲ့ ပညာရေးဝန်ကြီး ဌာနရဲ့ Non – CDM အရာရှိဝန်ထမ်းတွေကို တရားစွဲဆိုနိုင်ဖို့ အတွက် အသံသက်သေ၊ စာသက်သေအပြည်အစုံရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးထုတ်ပြန်လိုက်ပါတယ်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် မြန်မာနိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် အပိုဒ် (၁၆) ပါ ဝန်ထမ်းအခွင့်အရေးတွေနဲ့ နိုင်ငံတကာလူ့ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အကြမ်းဖက်ဝါဒီ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်ကိုင်တုတ် Non-CDM ဝန်ထမ်းတွေက ကျူးလွန်မှုတွေကို စာသက်သေ၊ အသံဖိုင်သက်သေ အစရှိတဲ့ သက်သေခံချက်တွေ စုဆောင်းပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်များကျခံစေရန် တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အသိပေး ကြေညာချက်ထဲ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေဖြစ်တဲ့ Non-CDM ညွှန်ကြားရေးမှူးချုပ်တွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ၊ ပါမောက္ခချုပ်တွေ၊ ဒုတိယပါမောက္ခချုပ်တွေ၊ ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ၊ ဌာနမှူးတွေ ဦးဆောင်တဲ့ အကြမ်းဖက်အုပ်စုလက်ပါးစေများက CDM ၀န်ထမ်းတွေကို ချေးငွေပြန်ဆပ်ရန်၊ ၀န်ထမ်းအိမ်ရာတွေက ဖယ်ပေးရန် ဖိအားပေးခြိမ်းခြောက်ခဲ့နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် နေအိမ်ကပစ္စည်းတွေကို ဖယ်ရှားပြီး အိမ်ရာတွေကို သိမ်းဆည်းတာတွေ ကျူးလွန်နေတဲ့အကြောင်း လည်း ဖော်ပြထားပါတယ်။ ဒီလိုတွေ လုပ်နေတာက ငြိမ်းချမ်းစွာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ်လုပ်ဆောင်နေတာလို့လည်း ထောက်ပြထားပါတယ်။
ပြည်သူ့၀န်ထမ်းတွေရဲ့ ရှင်သန်ရပ်တည်ခွင့်နဲ့အတူ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးတွေအပေါ် ထိခိုက် နစ်နာစေရန် လုပ်ဆောင်ချက်တွေက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ အခြေခံလူ့အခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာရှင်သန်ခွင့်အပိုဒ် (၃)၊ ညှင်းပန်းနှိပ်စက်ခြင်းမှကင်းလွတ်ခွင့်အပိုဒ် (၅)၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်ပိုင်ခွင့် အပိုဒ် (၁၂)၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ပိုင်ခွင့်အပိုဒ် (၁၇) တို့ကို ချိုးဖောက်တာ၊ ချိုးဖောက် ကျူးလွန်ရာမှာ အားပေးနေတာတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေကြတဲ့ ဆရာ၊ ဆရာမ၊ ဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုရရှိရေးတို့အတွက် အမြဲမပြတ် အလေးပေးဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြ ထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။