CDM လုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေ ပေးအပ်မှုစတင်
မတ် ၁၈ ၊ ၂၀၂၂
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကနေ စွန့်ခွာပြီး CDM ပြုလုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေပေးအပ်မှုစတင်နေပြီလို့ Sydney Morning Herald သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဩစတြေးလျအစိုးရထံမှာ ပြည်ဝင်ခွင့် ရရှိထားတဲ့ CDM စစ်သား နှစ်ဦးကို Sydney Morning Herald နဲ့ The Age က တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ပြီး ပြန်လည်သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကိုမဖြတ်ကျော်မီ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နဲ့ပူးပေါင်းခဲ့သူ စစ်သားဟောင်းတစ်ဦးက သူ့အနေနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာခဲ့တာလို့ ဆိုပါတယ်။
“ကျွန်တော်က အရပ်သားပြည်သူတွေကို မသတ်ချင်ဘူး။ ပြည်သူတွေနဲ့ ဆန့်ကျင်တဲ့ဘက်မှာလည်း မရပ် တည်ချင်ဘူး”လို့ ဩစတြေးလျရောက်နေတဲ့ ဗိုလ်ကြီးဟောင်းတစ်ဦးက ပြောတာပါ။
မိသားစုနဲ့အတူ ဩစတြေးလျမှာ အခြေချနေပြီဖြစ်တဲ့ အခြားသောစစ်သားဟောင်းတစ်ဦးက လည်း ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီးချိန်အထိ သူ့အပေါ်ခြိမ်းခြောက်မှုများရှိခဲ့တယ်လို့ ပြောပါတယ်။
“စစ်ကောင်စီက အရမ်းရက်စက်ယုတ်မာတယ်။ ကျွန်တော် အဲဒီမှာနေလို့မရဘူး။ အာဏာမသိမ်းခင်က ကျွန်တော်တို့တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တယ်”လို့ အထက်ပါ စစ်သားဟောင်းက ပြောပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။