CDM ပြုလုပ်လာတဲ့ လေတပ်ဗိုလ်ကြီးတစ်ဦး၊ လေကြောင်းကာကွယ်ရေးက တပ်သားတစ်ဦးနဲ့ တပ်ကြပ်တစ်ဦး ကို ပြည်သူ့ပန်းတိုင်အဖွဲ့က ပြည်သူလူထုနဲ့ မကြာခင်မိတ်ဆက်ပေးမယ်လို့ ထုတ်ပြန်

CDM ပြုလုပ်လာတဲ့ လေတပ်ဗိုလ်ကြီးတစ်ဦး၊ လေကြောင်းကာကွယ်ရေးက တပ်သားတစ်ဦးနဲ့ တပ်ကြပ်တစ်ဦး ကို ပြည်သူ့ပန်းတိုင်အဖွဲ့က ပြည်သူလူထုနဲ့ မကြာခင်မိတ်ဆက်ပေးမယ်လို့ ထုတ်ပြန်
မတ် ၃ ၊ ၂၀၂၂

ပြည်သူ့ပန်းတိုင်အဖွဲ့က သူတို့ထံကို ဆက်သွယ်လာတဲ့ လေတပ်ရဲ့ ဗိုလ်ကြီး၊ လေကြောင်းရန်ကာကွယ်ရေးတပ် ရင်းတခုရဲ့ တပ်သား တစ်ဦး၊ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ပြည်သူ့ဘက် ခိုလှုံပြီး CDM လုပ်ခဲ့တဲ့ တပ်ကြပ်ကြီး တစ်ဦးကို ပြည်သူလူထုနဲ့ မကြာခင်မှာ မိတ်ဆက်ပေးမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်(လေ)က CDM ပြုလုပ်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ဆက်သွယ်လာတာက ဗိုလ်ကြီးမုတ်သုံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီလိုပဲလေ ကြောင်း ရန်ကာကွယ်ရေးတပ်ရင်း တစ်ရင်းရဲ့ တပ်သား သီဟနိုင် ကလည်း အမ်အေ-၃ သေနတ် ၂ လက်နဲ့အတူ CDM ပြုလုပ်ပြီး ပြည်သူ့ဘက်ကို ကူး ပြောင်းလာခဲ့တာပါ။

တပ်ကြပ်ကြီးတစ်ဦးဖြစ်တဲ့ နောင်ရိုးဟာလည်း ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက CDM ပြုလုပ်ခဲ့ပြီး ပြည်သူဘက်ကို ရပ်တည်ကာ ခက်ခက်ခဲခဲပုန်းရှောင်ရင်းပြည်သူ့ပန်းတိုင်အဖွဲ့ကို ချိတ်ဆက်လာခဲ့တာလို့ ဖော်ပြထားပါတယ်။ ပြည် သူ့ပန်းတိုင်အဖွဲ့ကလည်း တပ်ကြပ်ကြီးနောင်ရိုးကို လွတ်မြောက်နယ်မြေတစ်ခုကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ/စစ်သည်များဟာ မိမိတို့ ဂုဏ်သိက္ခာ၊ မိမိတို့ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင် တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်လာမှုများ တဖြည်းဖြည်း ပိုမို များပြားလာနေတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဟာ ကိုယ်ကျိုးအတ္တ အကျိုးစီးပွားတွေနဲ့ မိမိတို့ အာဏာတည်မြဲ ချုပ်ကိုင်နိုင်ဖို့ အတွက် စစ်အာဏာသိမ်းမှုကို အေးဆေးစွာ ဆန့်ကျင် ဆန္ဒဖော်ထုတ်ကြတဲ့ လူငယ်တွေကို မတရားဖမ်းဆီးထောင်ချခြင်း၊ အကြမ်းဖက်သတ်ဖြတ်တာတွေနဲ့ ကြည်းတပ် ၊ လေတပ်တွေ အသုံးပြုကာ နိုင်ငံအနှံ့ အကြမ်းဖက်စစ်ဆင်ရေးများ လုပ်ဆောင်နေတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ မြို့ပြ ကျေးရွာ လူနေအိမ်ခြေတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်ဘက်ပစ်မှတ်များအား လေ ကြောင်းမှ ဗုံးကြဲဖျက်ဆီးခြင်းတွေစတဲ့ ကြောက်မက်ဖွယ် စစ်ရာဇတ်မှုကြီးများကို ပြောင်ပြောင်တင်းတင်း ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် အကြမ်းဖက်စစ်တပ်အနေနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အော့နှလုံးနာ စက်ဆုပ်ရွံရှာ မုန်းတီးမှုတွေနဲ့ ရင်ဆိုင်နေကြရသလို၊ အာဏာရှင်များအတွက် ပေးဆပ်ရင်း ဂုဏ်သိက္ခာကင်းမဲ့စွာ ဘဝနိဂုံးချုပ်နေရတဲ့ အဖြစ်ဆိုးတွေနဲ့လည်း ကြုံနေရပြီ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် အတွေးအခေါ်အသိဉာဏ် မြင့်မားပြီး ပြည်သူလူထုကို အမှန်တကယ်အလုပ်အကျွေးပြုချင်တဲ့၊ အမှန်တရားကို မြတ်နိုးကြတဲ့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုတွေကို မနှစ်မြို့ကြတဲ့၊ တပ်မတော်ကို ပြည်သူချစ်တဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် မြင်လိုကြတဲ့ တပ်မတော်သားကောင်း တွေ စစ်ကောင်စီတပ်ထဲမှာ များစွာရှိနေမယ်လို့ ယုံကြည်ပါတယ်ဆိုပြီးတော့လည်း ဖော်ပြထားတာ တွေ့ရပါ တယ်။

ဒါကြောင့် တပ်မတော်သားကောင်းများအနေနဲ့ မိမိတို့ ဂုဏ်သိက္ခာနဲ့ အနာဂတ်၊ မိမိတို့ မျိုးဆက်များရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်တွေအတွက် ဆင်ခြင်သုံးသပ်ပြီး စစ်အာဏာရှင်အသုံးချခံအဖြစ်ကနေ အချိန်မီ ရုန်းထွက်ကာ ပြည်သူလူထုနဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြဖို့ သတင်းစကားပါး တိုက်တွန်းအပ်ပါတယ်ဆိုပြီးတော့လည်း ပြည်သူ့ပန်းတိုင်အဖွဲ့ကထုတ်ပြန်ထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.