Burma Associated Press (BAP) ရဲ့ အက်ဆေးကို ဖြူအိက ခံစားရွတ်ဆိုထားပါတယ်။
အင်တာနက်မရှိသော အရပ်တစ်ပါးကနေ၍
အင်တာနက်မရှိသော အရပ်တစ်ပါးကနေ၍ ဤစာစုကို ရေးပို့လိုက်သည်။
အင်တာနက်အား ပိတ်ပင်ထားသည့်တိုင်အောင် ငါတို့၏ တော်လှန်လိုသောစိတ်ဓာတ်နှင့် ခိုင်မာသောကြိုးစားအားထုတ်မှုများကို မည်သူတစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်မထားနိုင်ဘူးဆိုသည်ကို မျက်ဝါးထင်ထင်သက်သေပြရန်အလို့ငှာ သင့်သောနည်း၊ ကြံဆသောခွန်အားများဖြင့် ဤစာစုသည် ဖြစ်တည်ခဲ့ပြီဖြစ်သည်။
ကြောက်ရွံ့သောသူများ၊ ပိတ်ဆို့ဟန့်တားလိုသောသူများ ထိတ်လန့်ကြ၊ သတိတရားရရှိကြပါ။ ဓမ္မကို လိုလားသူများသည်ကား ငါတို့၏ တွန်းလှန်ပုန်ကန်သောစိတ်ဓာတ်ကို နှစ်ထောင်းအားရဖြစ်ကြပါ။ ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခုပ်လက်ဝါးတီးကြပါ။
အင်တာနက်မရှိသော အရပ်တစ်ပါးကနေ၍ ဤစာစုကို ရေးပို့လိုက်သည်။
ကမ္ဘာကြီးတစ်ခုလုံး၏ နေ့စဉ်နေထိုင်မှုဘ၀၌
အွန်လိုင်းအော့ဖ့်လိုင်းဆိုသည်မှာ ခွဲခြားမရအောင်ဖြစ်နေချိန်၊ ဘ၀ပေါင်းများစွာ အွန်လိုင်းပေါ် ရှင်သန်နေချိန်များတွင် ပိတ်ပင်ကန့်သတ်ထိန်းချုပ်ခံရခြင်းဆိုသည်မှာ ထိန်းချုပ်ကန့်သတ်ဟန့်တားသူများအတွက် ကမ္ဘာ့အလည်တွင် ရှက်ဖွယ်အတိ ဧကံဖြစ်လေသည်။ မရှက်တတ်သော၊ ဟိရိဩတ္တပဆိုသည့် လောက ပါလတရားကို မစောင့်ထိန်းသူများသည် ဤသို့သော်ကိစ္စရပ်များအပေါ်တွင် ဤသို့သည်သာ ပြုမှုတတ်သည်မှာ မဆန်းလှပါ။
အင်တာနက်မရှိသော အရပ်တစ်ပါးကနေ၍ ဤစာစုကို ရေးပို့လိုက်သည်။
အင်တာနက်ကို ပိတ်ပင်ကန့်သတ်ခြင်းဆိုသည်မှာ လူဖြစ်လာသူ လူသားတိုင်းရထိုက်ရအပ်သော လူ့အခြေခံရပိုင်ခွင့်ကို ပိတ်ပင်ကန့်သတ်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ ထိုသို့ပိတ်ပင်ကန့်သတ်ခြင်းသည် လူတိုင်း၏ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့်နည်းတူ၊ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ကို ကန့်သတ်ထိန်းချုပ် ဖောက်ဖျက်ခြင်းသာဖြစ်သည်။ အာဏာကို အာသာငမ်းငမ်းရစ်မူးတတ်သူများသည် ဤသို့သာပြုမှုတတ်ပြီး တရားသောနည်းလမ်းဖြင့် အာဏာကို မရယူတတ်သလို၊ လူသားများ၏ တန်းတူညီမျှရရှိအပ်သော အခြေခံရပိုင်ခွင့်များကို လေးစားလိုက်နာရန်လည်း တတ်မြောက်ခဲ့ခြင်း မရှိကြပါ။
အင်တာနက်မရှိသော အရပ်တစ်ပါးကနေ၍ ဤစာစုကို ရေးပို့လိုက်သည်။
မတရားရယူထားသော အာဏာတည်မြဲရေးအတွက် မတရားသောဥပဒေများကို အကာ အကွယ်ပြု၍ ဥပဒေအတိုင်းဟုဆိုခါ အင်တာနက်ဖြတ်တောက်ခြင်း၊ အင်တာနက်ဆင်ဆာဖြတ်ခြင်း၊ တန်းတူညီမျှအင်တာနက်အသုံးမပြုနိုင်ရန် ခွဲခြားခြင်း၊ အင်တာနက် အခြေပြုစောင့်ကြည့်ခြင်း၊ နောက်ယောင်ခံခြင်းနှင့် လူ့အခြေခံရပိုင်ခွင့်ချိုးဖောက်ခြင်းများကို မရှက်တတ်သူများသည် ဖောက်ဖျက် ကျူးလွန်နေကြသည်။ ကမ္ဘာ့အလည်တွင် ပြောင်းပြောင်းတင်းတင်းပြုမှုနေကြသည်။ မိမိလည်ပင်း မိမိကိုယ်တိုင် ကြိုးကွင်းစွပ်နေသည်ကို အလိုရမ္မက်ကြီးသူ များ၊ ပညာဉာဏ်နည်းပါးသူများသည် မသိနိုင်ကြပါ။ မိုက်မဲသူများ၏ အကြောင်းတရားအဖြစ် နှလုံးသွင်း၍သာ ဘာ၀နာပွားရပေမည်။
အင်တာနက်မရှိသော အရပ်တစ်ပါးကနေ၍ ဤစာစုကို ရေးပို့လိုက်သည်။
အဓမ္မဝါဒီများသည် သူတို့၏ ပုတ်ဆွေးနေသော အပုတ်နံ့များနှင့် အမှန်တရားဆိုသော အကြောင်း တရားများ စီးဆင်းနေခြင်းကို ဟန့်တားထိန်း ချုပ်ရန်အလို့ငှာ၊ အမှောင်ချရန်အလို့ငှာ၊ အင်တာနက်ကို ကန့်သတ် ထိန်းချုပ် စောင့်ကြည့် ဖြတ်တောက်ထားသော်လည်း အာဏာရှင်များ၏ ပုတ်ဆွေးသော အပုတ်ရနံ့များနှင့် လူသားများအပေါ် ချိုးဖောက်လိုက်သော ကျူးလွန်မှုများ၏ အကြောင်းတရားသည် ပိတ်ပင်ကန့်သတ်ထားရန် မတတ်နိုင်ခဲ့ဘဲ ရှင်သန်မြဲရှင်သန်၍၊ အမှောင်ခွင်းအလင်းဆောင်ခါ စီးဆင်းမြဲ စီးဆင်းနေမည်ဆိုသည်အား ဤစာစုကို အင်တာနက်မရှိသော အရပ်တစ်ပါးကနေ၍ ရေးပို့လိုက်သည်က သက်သေဖြစ်သည်။
#SpringRevolution
#PVTV
Like – 2.6K Share – 153