၂ ခြောက်လုံးနေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) က ကြေညာချက်ထုတ်ပြန်
ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၂
ဒီနေ့မှာ ကျရောက်တဲ့ ၂ ခြောက်လုံးနေ့ကို ဝိသေသပြုပြီးတော့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRMH) က မန္တလေးလူထုအတွက် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်ထဲမှာ မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ တပို့တွဲလဆုတ် (၇)ရက်နေ့ဖြစ်တဲ့ ဒီနေ့က မန္တလေးအာဇာနည် ၁၇ ဦးကျဆုံးခဲ့တဲ့ အောက်မေ့ဖွယ်နေဖြစ်တယ့်အတွက် ယခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖမ်းဆီးခံထားရ သူများအားလုံး လွတ်မြောက်ရေးနဲ့ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး မျှော်မှန်းနေတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ အမျိုးသားတန်းတူခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံပန်းတိုင်ကို မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားကြမယ်လို့ CRMH က ဆိုပါတယ်။
အမှန်တရားဘက်ကနေ မေတ္တာ၊သတ္တိတို့နဲ့ရပ်တည်ပြီး မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှကို တွန်းလှန်ဆန့်ကျင် ကာအများအကျိုးအတွက် အသက်ကိုစွန့်ရန်ဝန်မလေးခဲ့ကြတဲ့ ရဟန်းတော်တွေ၊ ကျောင်းသားပြည်သူတွေ၊ မန္တလေးအာဇာနည်တို့ရဲ့ စိတ်ဓာတ်နဲ့ အောင်လံမလဲစတမ်း အရှိန်အဟုန်ဖြင့် ဆက်လက် ချီတက်သွားကြမယ်ဆို ပြီးတော့လည်း CRMH ကတိုက်တွန်းထားပါတယ်။
ကိုယ်ကျိုးရှာ အာဏာရှင်တွေ၊ ၎င်းတို့အလိုကျ ဗျူရိုကရေစီယန္တရားတွေနဲ့ လက်နက်နဲ့ မတရား သဖြင့်အုပ်စိုး လိုသူလူတန်းစားတွေရဲ့ မရေမတွက်နိုင်တဲ့ ချည်နှောင်ခံထားရတဲ့ နှောင်ကြိုးတွေက ရုန်းထွက်ကာ ပြည်သူ့ဝန်ထမ်းအနေနဲ့ ပြည်သူ့ရင်ခွင်ဆီကိုသာ အမြန်ဆုံး ခိုလှုံကြဖို့ လေးနက်စွာ တိုက်တွန်းထားသလို ပြည်သူ့ရင်ခွင် ခိုလှုံလာမည့်သူတွေကိုလည်း ကမ်းလင့်ကြိုဆိုကာ ကူညီပေး သွားမယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း လူ့အခွင့်အရေးနဲ့လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းတွေ၊ အကြမ်းမဖက်နည်းနဲ့ အမိန့်အာဏာဖီဆန်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို တတ်အားသရွေ့ ဂုဏ်ပြုကူညီပေးခြင်းလုပ်ငန်းတွေ၊ ဥပဒေအထောက်အကူပြုလုပ်ငန်းတွေ၊ ဒေသတွင်း လုံခြုံရေးနဲ့ ပြည်သူ့အုပ် ချုပ်ရေးအခန်းကဏ္ဍတွေမှာ ကဏ္ဍအလိုက် ပြည်သူများပါဝင်လာစေရေး၊ ပြည်သူ့အုပ် ချုပ်ရေးအခြေခံလုပ် ငန်းများ စနစ်တကျရှိစေရေး အစရှိတဲ့လုပ်ငန်းတွေမှာ မန္တလေးတိုင်းဒေသကြီး အတွင်းကအလွှာအသီးသီးရဲ့ပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကြား ဟန်ချက်ညီညီ ကြိုးစားဖော်ဆောင်နေတယ်လို့လည်း CRMH က ဖော်ပြထားပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ ရောက်ရာနေရာ၊ ကျရာတာဝန်တွေနဲ့ ထမ်းဆောင်ကာ အသက်ပေး သွားကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေရဲ့ အာဇာနည်စိတ်ဓာတ်တို့ကို မမေ့မလျော့ လေးနက်စွာအောက်မေ့လျက် အောင်ပွဲဆီကို မဆုတ်မနစ် ချီတက်သွားမယ်လို့လည်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRMH) ကတိသစ္စာပြုပါတယ်လို့ ဖော်ပြထားပါတယ်
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။