၂၀၂၂ ခုနှစ်က တော်လှန်ရေးအောင်ပွဲတွေ ရယူမယ့်နှစ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
ဒီဇင်ဘာ ၃၁၊ ၂၀၂၁
၂၀၂၂ ခုနှစ် နှစ်သစ်မှာ တော်လှန်ရေးအောင်ပွဲတွေ ရယူသွားမယ့် နှစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
နှစ်သစ်ကူးနေ့အတွက် နှစ်သစ်အမှာစကားပြောကြားရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာပါ။
“၂၀၂၁ခုနှစ်ဟာ တော်လှန်ရေးရေသောက်မြစ် ချတဲ့နှစ်လို့ ဆိုနိုင်ပြီး ၂၀၂၂ခုနှစ်ကတော့ တော်လှန်ရေးအောင်ပွဲများ ရယူမယ့်နှစ်လို့ ဆိုချင်ပါတယ်။ရှေ့မှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ လူအင်အား၊ရန်ပုံငွေအင်အား၊လက်နက်အင်အား ပိုကောင်းလာဖို့ ရှိပါတယ်။Command and Control ပိုကောင်းလာဖို့ ရှိပါတယ်။ မဟာဗျူဟာနဲ့ နည်းဗျူဟာ ချမှတ်ကျင့်သုံးမှု ပိုကောင်းလာဖို့ ရှိပါတယ်။ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား မဟာမိတ် ဆက်ဆံရေး တည်ဆောက်မှုနဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာဖို့ ရှိပါတယ်။ ဒီဖြစ်ပေါ်တိုးတက်မှုတွေဟာ တော်လှန်ရေးအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့အတူ CRPH ၊ NUCC နဲ့ NUGတို့ ကို ဖွဲ့စည်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“မဟာမိတ်များနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုနဲ့ ဦးဆောင်ကွပ်ကဲမှု ပြုမယ့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ C3C နဲ့ အခြား စစ်ရေးမဟာမိတ်စုဖွဲ့မှုများ ဖော်ဆောင်နိုင်ခဲ့တယ်။ဒါတွေဟာ ၂၀၂၁ခုနှစ်မှာ စိုက်ထူနိုင်ခဲ့တဲ့ တော်လှန်ရေးမှတ်တိုင်များပဲ ဖြစ်ပါတယ်။”လို့ ဦးရည်မွန်က ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေကို ပိုပြီးတော့ အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့လည်း သူက ထောက်ပြထားတာ တွေ့ရပါတယ်။
“၂၀၂၂ ခုနှစ်ရဲ့ ရှေ့ပိုင်းကာလဟာ ပြည်သူ့တော်လှန်ရေးအတွက် အရေးကြီးတဲ့ ကာလအပိုင်းအခြားလို့ ပြောချင်ပါတယ်။ဒီကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို တော်လှန်စစ်နဲ့ ကျွန်တော်တို့ ဦးချိုးပစ်ရပါလိမ့်မယ်။” လို့ ဦးရည်မွန်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ဖြစ်ပြီးတော့ ပြည်သူတွေမျှော်လင့်တဲ့ ပန်းတိုင်ရောက်တဲ့ အထိ မဆုတ်မနစ်ဆက်လက်ချီတက်ဖို့လိုတယ်ဆိုပြီးတော့လည်း ပြည်သူ့တော်လှန်ရေးအင်အားစုတွေအပေါ် ပြောကြားထားတာ ကိုလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews