အာဏာသိမ်းစစ်ကောင်စီက ကရင်နီပြည်သူလူထုတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် ရှုတ်ချကန့်ကွက်ကြောင်း KSCC အရေးပေါ်သဘောထားထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ကရင်နီပြည်သူလူထုတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် ရှုတ်ချကန့်ကွက်ကြောင်း KSCC အရေးပေါ်သဘောထားထုတ်ပြန်

ဒီဇင်ဘာ ၂၅၊ ၂၀၂၁

အာဏာသိမ်းစစ်ကောင်စီက ကရင်နီပြည်သူလူထုတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် ရှုတ်ချကန့်ကွက်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အရေးပေါ်သဘောထားထုတ်ပြန် လိုက်ပါတယ်။

ဒီဇင်ဘာလ (၂၄) ရက်နေ့ နေ့လည် ၁၁ ခွဲလောက်မှာ ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း မိုဆိုရွာအနီးကို နယ်မြေရှင်းလင်းရေးအတွက် စစ်ဆင်ရေးပြုလုပ်လာတဲ့ စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁ဝ၈) ဦးဆောင်တဲ့ စစ်ကြောင်းက ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) တို့ကို တွန်းလှန်ခုခံ တိုက်ခိုက်ခဲ့ကြတယ်လို့ KSCC က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒီလိုမျိုး ဖရူဆိုမြို့နယ်၊ မိုဆိုရွာဘက်ကို စစ်ကြောင်းထိုးလာရုံမက ကျေးရွာပြည်သူလူထုတွေကို အဓမ္မရိုက်နှက်ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းအကုန်လုံးကို ဖျက်ဆီးတဲ့ လုပ်ရပ်အပေါ် ဝင်ရောက်တားမြစ်တဲ့ နယ်ခြားစောင့်တပ်ရင်း (၁ဝဝ၄) က တပ်ဖွဲ့ဝင် (၄)ယောက်ကိုလဲ ကြိုးတုတ်ဖမ်းဆီး ဦးခေါင်းတွေကို သေနတ်နဲ့ ပစ်ခွဲ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင်အပြစ်မဲ့ ရွာသူ၊ ရွာသား (၃၅) ယောက်လောက်ကို အဓမ္မဖမ်းဆီးသွားခဲ့ပြီး ဒန်ပါကား (၃) စီးနဲ့ ကားငယ် (၃) စီး၊ ထော်လော်ဂျီ ဆိုင်ကယ် (၅) စီးနဲ့ အတူ မီးရှို့ သတ်ဖြတ်ဖျောက်ဖျက်ခဲ့တယ်လို့ KSCC က ပြောပါတယ်။

ဒီဇင်ဘာလ (၂၄) ရက်နေ့ မနက်ပိုင်းမှာပဲ ခမရ (၅၄) တပ်က လက်နက်ကြီးတွေနဲ့ ဘာဒိုရွာ နာနတ်တောရပ်ကွက်အတွင်းကို အကြမ်းဖက်ပစ်ခတ်ခဲ့ရာ အိုးအိမ်တွေပျက်စီး လက်နက်ကြီး ကျည်ထိမှန် အပြစ်မဲ့အရပ်သား (၁) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ မေလ (၂၀) ရက်နေ့ထဲက နေ့စဉ်ဆိုသလို တိုက်ပွဲ ကြီးငယ်တွေ ဆက်တိုက် ဖြစ်ပွားနေပြီး ပြည်နယ်လူဦးရေရဲ့ ထက်ဝက်လူ (၁၅၀၀၀၀) ကျော်လောက် စစ်ဘေးရှောင်ဘဝ ရောက်ရှိနေရတယ်လို့ KSCC က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီအနေနဲ့ စစ်ကောင်စီက လူမျိုးတမျိုးအပေါ် မတရား ဖိနှိပ်ညှင်းပန်းသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်တဲ့ အပြင် လူထုအတွက် တရားမျှတမှု ရရှိတဲ့အထိ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အပြည်ပြည် ဆိုင်ရာ နိုင်ငံတကာခုံရုံးအနေနဲ့လဲ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက လူမျိုးတုံး သတ်ဖြတ်မှု အပေါ် လူသားချင်းစာနာထောက်ထားမှုနဲ့ တရားမျှတမှုရှိရှိ အရေးယူနိုင်ဖို့ အချိန်နဲ့တပြေးညီ အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်ပေးသင့်တယ်လို့ KSCC က အရေးပေါ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.