အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ကြုံနေရတဲ့ ဘ၀တူ ယူကရိန်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ကော့ကရိတ်ဒေသခံတွေ ဆန္ဒထုတ်ဖော်
မတ် ၁၈ ၊ ၂၀၂၂
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ယူက ရိန်း နိုင်ငံကို မတရားကျူးကျော်စစ် ဆင်နွှဲနေတဲ့ ပူတင်တို့ဟာ စစ်ရာဇ ဝတ်ကောင်တွေဖြစ်တယ်လို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ပြီး ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။
ယူကရိန်းပြည်သူတွေနဲ့ မြန်မာပြည်သူတွေဟာ အာဏာရှင်တွေရဲ့ဖိနှိပ်မှုကို ရင် ဆိုင်ကြုံတွေ့နေကြရတဲ့ ဘ၀တူတွေဖြစ်လို့ အခုလို ယူကရိန်း ပြည်သူတွေနဲ့အ တူ ရပ်တည်ကြောင်း ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့တာလို့ ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုကို ဒီကနေ့ မတ်လ ၁၈ရက် မနက်ပိုင်းက ကော့ကရိတ်တောင်ပိုင်း တစ်နေရာမှာ ဒေ သခံ အင်အား ၁၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပြီး “ရုရှားနိုင်ငံ၏ မတရားကျူးကျော်စစ်ကျရှုံးပါစေ”၊ “ရုရှားစစ်တပ် ယူကရိန်း နိုင်ငံမှ ချက်ချင်းထွက်သွား” ၊ “မင်းအောင်လှိုင်သည် စစ်ရာဇဝတ်ကောင်” ၊ “ပူတင်သည် စစ်ရာဇဝတ်ကောင်” စတဲ့ စာတန်းတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာပါ။
နိုင်ငံတကာ မှာ ဖြစ်ပေါ်နေတဲ့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုဟာ အင်အားကြီး နိုင်ငံက အင်အားငယ် နိုင်ငံကို တရားဥပဒေမဲ့ မတရား ကျူးကျော်တာဖြစ် တယ်လို့ ကော့ကရိတ်ဒေသခံက ပြောပါတယ်။
“ကျွန်တော်တို့ ပြည်တွင်းမှာလည်း ထို့နည်းတူ အင်အားငယ်တဲ့ တိုင်းရင်းသားတွေကို စစ်ကောင်စီဘက်က တိုင်းရင်းသားလူထုကို လက်နက်နဲ့သော်လည်း ကောင်း တခြားနည်းလမ်းနဲ့ သော်လည်းကောင်း ဖိနှိပ်မှုတွေလုပ်နေတာ။ကျွန်တော်တို့ ပြည်တွင်းစစ်နဲ့ ယူကရိန်းစစ်နဲ့က အာဏာရှင် စစ်တွေပဲဖြစ်တဲ့အတွက် နှိုင်းယှဉ်ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ ဒေသအသီးသီးက မြန်မာလူထုတွေကို လက်နက်နဲ့ အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေသလို ပြည်သူလူထုတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူလူထုပိုင် ပစ္စည်းတွေ လုယူတာ၊ ခိုးယူတာ စတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတာဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။