အာဏာကို အတင်းအဓမ္မလုထားတာဖြစ်လို့ စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူလူထုဆီ အာဏာပြန်လွှဲပေးဖို့ CDM စစ်သားက တိုက်တွန်း
ဇူလိုင် ၂၀ ၊ ၂၀၂၂
စစ်ကောင်စီရဲ့ အာဏာသိမ်းယူမှုဟာ မတရားတဲ့ လုပ်ရပ်ဖြစ်လို့ အာဏာကို ပြည်သူ လူထုထံ ပြန်လွှဲပေးဖို့ ဖာပွန်အခြေစိုက် ခမရ(၃၄၁) ရဲ့ ရှေ့တန်းတပ်စခန်းကို စွန့်ခွာပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)ထံ ရောက်ရှိလာတဲ့ CDM တပ်သား နေအောင်က ပြောပါတယ်။
စစ်ကောင်စီတပ်သား အချို့လက်နက်ခဲယမ်းနဲ့အတူ CDM ပြုလုပ်လာကြောင်း မူတြော်သတင်းစဉ်က ဒီကနေ့ ထုတ်ပြန်ထားပြီး CDM တပ်သားနေအောင်ရဲ့ပြောဆိုချက် ရုပ်သံကိုလည်း ဖော်ပြထားပါတယ်။
“ အာဏာကို အတင်းအဓမ္မ ၊ ကာကွယ်ရေးဦးစီးချုပ်က သူလုပ်ချင်သလို လုပ်တယ်လို့ ယူဆပါတယ်။ အာဏာကို အတင်းအဓမ္မ တစ်ဖက်လူကို မဟုတ်ဘဲနဲ့ စွပ်စွဲပြီး အာဏာကို လုသိမ်းထားတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” လို့ တပ်သား နေအောင်က ပြောပါတယ်။
အာဏာကို ပြန်လွှဲပေးဖို့ လူသားချင်း စာနာထောက်ထားဖို့၊ ပြည်သူကို မသတ်ဖို့ အဆိုပါ CDM စစ်သားက ပြောဆိုခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်တွေရဲ့လုပ်ရပ်ဟာ နိုင်ငံကို ကာကွယ်တဲ့လုပ်ရပ်မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
“မင်းအောင်လှိုင်ပေါ့ သူတောင်းစားပေါ့ ခွက်ပျောက်၊ သူပေါ့ သူကတော့ ပြောမယ်ဆိုရင် ရန်သူကို ဖိတ်ခေါ်နေတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ သူ့လက်ထက်မှာ အဲဒီလိုပုံစံမျိုး ကျွန်တော့်အနေနဲ့မြင်ပါတယ်” လို့ တပ်သား နေအောင်က ပြောပါတယ်။
စစ်အာဏာ ပြုတ်ကျရေးအတွက် ပြည်သူလူထုနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းတပ်သား နေအောင်က ပြောပါတယ်။
“ကျွန်တော်တစ်ခုတော့ ပြောချင်တာကတော့ ကျန်တာတော့မဟုတ်ပါဘူး ဒီအာဏာကို ပြန်လွှဲပေးဖို့ အမေစုကိုပဲ ပေးဖို့ ထောက်ခံပါတယ် ကျွန်တော့်အနေနဲ့။ ပြည်သူလူထုတစ်ယောက်အနေနဲ့။အများကြီးပဲ ထောက်ခံပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် ဒီအာဏာရဖို့အရေး ကျွန်တော့်အသက်ပါ ပေးရင်ပေးရပါစေ ကျွန်တော် အဆင်သင့်ပါပဲ” လို့ တပ်သားနေအောင်က ပြောကြားခဲ့ပါတယ်။
တပ်သားနေအောင်ဟာ ဖာပွန်ခရိုင် နတ်တောင်ရှေ့တန်း တပ်စခန်းက ဇွန်လအတွင်းမှာ ထွက်ပြေးကာ ပြည်သူနဲ့အတူ ရပ်တည်ခဲ့ခြင်းဖြစ်ပါတယ်။
ရှေ့တန်းစခန်းမှာ နေရေးထိုင်ရေး ခက်ခဲတဲ့အပြင် အရာရှိတွေက ကြီးနိုင်ငယ်ညှင်းလုပ်ဆောင်နေတယ်လို့လည်းသူက ပြောပါတယ်။ တပ်ထဲမှာ ကျန်နေတဲ့သူငယ်ချင်းတွေလည်း အမြန်ဆုံး ပြည်သူနဲ့ ပူးပေါင်းကြဖို့ တပ်သားနေအောင်ကတိုက်တွန်းထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။