အာဆီယံ ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု ပြည်ထောင်စုဝန်ကြီး တက်ရောက်မည်


အာဆီယံ ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု ပြည်ထောင်စုဝန်ကြီး တက်ရောက်မည်
၂၂ နိုဝင်ဘာလ ၂၀၂၁

နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ၃ ရက်ကြာပြုလုပ်မယ့် အာဆီယံရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီပွဲမှာတော့ နိုင်ငံတကာခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်ဆရာများ၊ သုတေသီများ၊ အစိုးရ အရာရှိများ တက်ရောက်မဲ့ ပွဲပါ။ အဖွင့်နေ့မှာတော့ အစိုးရတရပ်ရဲ့ ပေါ်လစီ နဲ့ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ (Policy and Governance Session) များကို နှီးနှောဖလှယ်ဖို့ တခြား အာဆီယံ ဝန်ကြီးတချို့နဲ့ အတူ ကျနော့်ကို ဖိတ်ထားပါတယ်။ ” လို့ ပြည်ထောင် စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။
အာဏာရှင် လက်ထက်မှာဆိုရင် သယံဇာတကို အလွန်အကျွံသုံးစွဲတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေ ဖြစ်ပေါ်ရပါတယ်။ အခုလည်း အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းထားစဉ်အချိန်မှာ သစ်တွေကို အလွန်အကျွံခိုးထုတ်မှုတွေပြုလုပ် နေတယ်ဆိုပြီး ထောက်ပြမှုတွေရှိထားပါတယ်။
“စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းများစွာပိတ်သိမ်းပြီး သာမန်ပြည်သူ လက်လုပ်လက်စားအများပိုင်း အလုပ်လက်မဲ့ဖြစ်ကာ ရွာပြန်ကြတယ်၊ တခြားလုပ်စရာမရှိတဲ့အခါ တောထဲဝင်ပြီး သစ်တောနဲ့ သဘာဝ သယံဇာတများကို မှီခိုရင်း စားဝတ်နေရေးအတွက် ဖြေရှင်းကြရတယ်။ အကျိုးဆက်အနေနဲ့ မြန်မာ့သစ်တောမြေတွေ၊ သဘာဝ သယံဇာတ တွေ ဆုံးရှုံးနှစ်နာရတယ်။ အာဏာရှင်သာ ဆက်ရှိနေရင် သဘာဝ ပတ်ဝန်းကျင်ဟာ အချိန်တိုအတွင်း ပျက်စီးသွားမှာပါ။ ဒါကို ကုစားနိုင်ဖို့ ဆိုရင် နိုင်ငံရေးတည်ငြိမ်မှ ဖြစ်မယ်၊ ဒီမိုကရေစီ နိုင်ငံဖြစ်မှ အလုပ်အကိုင်အခွင့်အလှမ်းတွေပေါလာမှာဖြစ်တယ်။ ဒီတော့ သစ်တော နဲ့ သဘာဝ သယံဇာတအပေါ် အလွန်အကျွံ မှီခိုမှုတွေ လျှော့ကျလာမှာဖြစ်တယ်။”လို့ ဒေါက်တာတူးခေါင် က ပြောပါတယ်။
၂၁ ရာစုအတွင်း ကမ္ဘာနိုင်ငံအသီးသီးမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နေကြပါပြီ။ ဒီလိုဆောင်ရွက်နိုင်ရေးအတွက် ဌာနေတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်စီမံခွင့် မူဘောင် (Indigenous framework)က အရေးကြီးလာပါတယ်။ Indigenous framework ဆိုတာကလည်း ဖက်ဒရယ်စနစ်ကို ဆိုလိုတာပါ။ ဒေါက်တာတူးခေါင်ကတော့ “မြန်မာပြည်မှာ အာဆီယံဒေသတွင်း တခုထဲသော ရေခဲတောင်ရှိတဲ့ နိုင်ငံဖြစ်တယ်။ အာဆီယံရဲ့ အမွေအနှစ် (ASEAN Heritage) လို့ပြောလဲ ရပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ဒေသကို အာဏာရှင်တသိုက်ကြောင့် အဆုံးရှုံးမခံသင့်ကြောင်း သတင်းစကားပါးဖို့ ပြင်ဆင်ထားပါတယ်။” လို့ ပြောပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အကြမ်းဖက်စစ်ကောင်စီက တက်ရောက်ခွင့်မရတဲ့ အခုလိုအခြေအနေမှာ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ယောက်ကို အခုလို ဖိတ်ကြာမှုနဲ့ ပတ်သက်ပြီး ဒေါက်တာတူးခေါင်က “ဒါက ကျွန်တော်တို့ NUG ကို မြန်မာအစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့သဘောလို့ပဲ ယူဆပါတယ်။ ကျွန်တော်တို့ကို ဆက်သွယ်နေတာကြာပါပြီ။ ကျွန်တော်တို့အားလုံးဝိုင်းဝန်းကြိုးစားမှုရဲ့ အသီးအပွင့်ပါပဲ ” လို့ ပြောကြားပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.