အာဆီယံနိုင်ငံအချို့ရဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးမှာ ယာယီသမ္မတပြောကြား
ဇန်နဝါရီ ၂၅ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေး (၃/၂၀၂၂) ကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလက အစည်းအဝေး မှာ အာဆီယံနိုင်ငံအချို့ရဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးဟာ zero ကနေ စကြရတာဖြစ်ပြီး အခုအချိန်အထိလည်း နိုင်ငံတကာရဲ့ ကူညီ ထောက်ပံ့မှုတွေ သိသာထင်ရှားစွာ မရသေးပေမယ့် ပြည်တွင်းပြည်ပက ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သွားနေ ကြတာဖြစ်တယ်၊ ဒီလိုသွားရင်းနဲ့ အောင်မြင်မှုဟာ မြင်နေရပြီမို့ ဆက်လက်ကြိုးပမ်းကြဖို့ ပြောကြားလိုတယ်၊ နိုင်ငံ တကာအနေနဲ့လည်း အမှန်တရားဘက်က ရပ်တည်ပေးဖို့ နှိုးဆော်လိုပြီးတော့ အမှန်တရားဘက်က ရပ်တည်ပေးခဲ့တဲ့ အာဆီယံ နိုင်ငံအချို့ရဲ့ ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင် ဆိုးရွာလွန်းတဲ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်အာဏာရှင် အကြမ်းဖက် သမားတွေကို ပြည်သူတွေဟာ ဇွဲရှိစွာနဲ့ လုံ့လဝီရိယမလျှော့ဘဲ တွန်းလှန်လာခဲ့ကြတာလည်း တနှစ်ပြည့်မြောက်ပြီဖြစ်တယ်ဆိုတာနဲ့ ပြည်သူတွေအတွက်လည်း ဒီတော်လှန်ရေးဟာ အတော်ပင်ပန်းဆင်းရဲလှပေမယ့် အရှိန်လျော့မသွားဘဲ ဆက်လက်တွန်းလှန်နေတဲ့ ပြည်သူတွေနဲ့အတူ အမြန်ဆုံး အောင်မြင်မှုတွေရရှိအောင် ပိုမိုအားကောင်းအောင်၊ အားဖြည့်ကြရင်း ရှေ့ဆက်သွားကြမှာဖြစ်တယ်လို့ ယာယီသမ္မတကြီးက ပြော ကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ ပြည်သူတွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာကိစ္စကတော့ အမေရိ ကန်နိုင်ငံအခြေစိုက် Chevron နဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် Total တို့ စစ်ကောင်စီနဲ့ စီးပွားဆက်မလုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ကိစ္စဖြစ်တယ်၊ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားတက်သရော အကူအညီပေးနေကြ တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ NUG ရဲ့ဝန်ကြီးဌာန အသီးသီး၊ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ဝန်ကြီး ဌာနများရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် ယခုလိုစစ်ကောင်စီရဲ့ အကြီးမားဆုံး ဝင်ငွေရလမ်းတစ်ခုကို ပိတ်ဆို့နိုင်တာဖြစ်တာကြောင့် တက်ညီ လက်ညီဆောင်ရွက်ခဲ့ကြတာ တွေအတွက် အထူးပင်ဂုဏ်ပြုလိုတယ်လို့ အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီး မြှပ်နှံမှုဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန တို့ရဲ့ ပြည်ထောင်စု ဝန်ကြီးတွေက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြကြပြီး အစည်းအဝေးကို နံနက် (၁၁း၅၀)မိနစ်တွင် ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။