အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရားမှာ ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်
မတ် ၁၉ ၊ ၂၀၂၂
အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရားမှာ ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ကြေညာချက် အမှတ် ၃/၂၀၂၂ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့ အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရားမှာ အလုပ်ရှင်တွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးရာဆောင်ရွက် နေသူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ လိုအပ်လျက်ရှိတဲ့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
ကြေညာချက်ထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စစ်တပ်မှ တရားမဝင် အဓမ္မသိမ်းယူခဲ့တာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးမှာ အဘက်ဘက်မှ ယိုယွင်းပျက်စီးခဲ့ရပြီး နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူတွေ၊ စီပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်တွင်း/ပြည်ပရှိ အလုပ်သမားတွေအနေနဲ့ လူမှုစီးပွားရေးနဲ့ ဥပဒေပါ အခွင့်အရေး တွေ များစွာ ထိခိုက်နစ်နာဆုံးရှုံးလျက်ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ပြုစုပျိုးထောင်ရန်၊ ပြည်တွင်း/ပြည်ပက အ လုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်တွေနဲ့ အလုပ် သမားတွေရဲ့ ရပိုင်ခွင့်နဲ့အကျိုးခံစားခွင့်တွေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ရရှိခံစားစေရန်၊ လုပ်ငန်း ခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက် မြင့်မားစေတာက နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု ကို အထောက်အကူဖြစ်စေရန် အဓိကဆောင်ရွက်ပေးရတဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ ထိခိုက်နစ်နာဆုံးရှုံးလျက်ရှိတဲ့ အလုပ်ရှင်၊ အလုပ်သမားတို့ရဲ့ ဥပဒေပါ ရပိုင်ခွင့်နဲ့ အကျိုးခံစားခွင့်များရရှိရန်၊ အလုပ် သမားရေး ပြဿနာတွေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး နိုင်ရေးအတွက် ခိုင်မာအားကောင်းတဲ့ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးတည်ဆောက်ရန်နဲ့ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စစ်အာဏာသိမ်းယူထားတဲ့ ကြားကာလမှာ အလုပ်သမား ရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရား (Complaint Mechanism) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အဆိုပါ တိုင်ကြားမှုယန္တရား ချောမွေ့အောင်မြင်စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်တွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးရာဆောင်ရွက်နေသူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ လိုအပ်လျက်ရှိရာ ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံဖိတ်ခေါ်ထားတာလည်း တွေ့ ရပါတယ်။
ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဝန်ကြီးဌာနမှာ မှတ်တမ်းတင်ထားရှိမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်တွေ ရယူချိန်မှာ ထိုက်တန်တဲ့ ဂုဏ်ပြုမှုတွေပြုလုပ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ အသိပေးထားတာတွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။