အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူ ပါတီဝင်ပေါင်း ၆၄၅ ဦး အထိရှိ၊ ဒီချုပ်ပါတီဝင် ၁၅၅ ဦးရဲ့ နေအိမ်နဲ့ အခြားပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ထား
မတ် ၁၈ ၊ ၂၀၂၂
၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် ဖမ်းဆီးခံထားရသူ ပါတီဝင်ပေါင်း ၆၄၅ ဦးအထိ ရှိထားသလို ဒီချုပ်ပါတီဝင် ၁၅၅ ဦးရဲ့ နေအိမ် နဲ့ အခြားသား ပိုင်ဆိုင်မှုတွေကို အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်မှုတွေ ပြုလုပ်ထားတယ်လို့ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်ချက် (၂/၂၀၂၂) ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက် ပါတယ်။
အဲဒီအချက်အလက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက် ယူရေးအဖွဲ့က ပြုစုထားတာဖြစ်ပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစပြီးတော့ ၂၀၂၂ ခုနှစ် မတ် ၁၄ ရက်အထိ နိုင်ငံတစ်ဝှမ်းလုံးမှာ မတရားဖမ်းဆီးခံရသူ ၁၃၀၀၀ ခန့်ရှိတယ်ဆိုပြီးဖော်ပြထားပါတယ်။
အဲဒီအထဲမှာ မတရားပုဒ်မတွေနဲ့ အထပ်ထပ်ဆင့်ကာ စွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယဥက္ကဌများဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် (၆၄၅)ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ မတရား ဖမ်းဆီးခံထားရတဲ့သူတွေထဲ လွှတ်တော်ကိုယ်စား လှယ်(၁၀၇)ဦးပါဝင်ပြီး၊ ၎င်းတို့အနက် ပြန်လည်လွတ်မြောက်လာသူ(၁၄)ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် (၉၂)ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်း ခံထားရစဉ်အတွင်း စစ်ကြောရေး ကာလ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် စုစုပေါင်း(၁၆)ဦး ကွယ်လွန်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းတဲ့နေ့ကစပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကို ဥပဒေမဲ့ ကျူးကျော်ဝင်ရာက်မှုတွေရှိထားပြီး ရန်ကုန်မြို့က ပါတီဗဟိုဌာနရုံးချုပ် အပါအဝင် တိုင်းနဲ့ပြည်နယ်တွေက ရုံးတွေ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီရုံးတွေ စုစုပေါင်း ၉၈ ကြိမ်အထိ ကျူးကျော်ဝင်ရောက် အကြမ်းဖက်ဖောက် ခွဲ၊ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီဖြစ်စဉ်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အချိန်တွေမှာ အများဆုံးဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဆင့်ဆင့်သော အမှုဆောင်တွေ၊ ပါတီဝင်တွေ၊ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ နေအိမ်နဲ့အဆောက်အဦတွေကို ဥပဒေမဲ့အကြမ်းဖက်ဝင်ရောက်ပြီး ပစ္စည်းတွေသယ်ယူသွားတာ၊ ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့ကြသလို အကြောင်းအမျိုးမျိုးပြီး ပုဒ်မ(၅၀၅)နဲ့ အခြားပုဒ်မတွေတပ်ကာ တရားစွဲဆိုထားစဉ် သက်ဆိုင်ရာတရားရုံးတွေက အပြီးသတ်ဆုံးဖြတ်ချက် မချနိုင်သေးတဲ့အချိန်မှာ နေအိမ်နဲ့ အခြားပိုင်ဆိုင်မှုတွေကို အကြမ်းဖက်စစ်ကောင်စီက မတရားချိတ်ပိတ်ဆောင်ရွက်နေပါတယ်။
ရရှိထားသောစာရင်းများအရ လွှတ်တော်ကိုယ်စားလှယ် (၉၃)ဦးအပါအဝင် စုစုပေါင်းပါတီဝင်(၁၅၅)ဦးရဲ့ နေအိမ် တွေနဲ့ အခြားပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံခဲ့ရပြီးဖြစ်သလို ပါတီဝင် မဟုတ်တဲ့ ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦး တွေ ချိတ်ပိတ်ခံရမှုမှာလည်း (၁၁၅)ကြိမ် ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အဓမ္မဖမ်းဆီးတာ၊ လူမဆန်စွာ ရက်ရက်စက် စက် ဖိနှိပ်အကြမ်းဖက်ချေမှုန်းတာတွေကြောင့် နိုင်ငံတဝှမ်းမှာ သေဆုံးသူ ၂၁၂၃ ဦးအထိရှိထားတယ်လို့ ဆိုထား သလို ဒီစာရင်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မှတ်တမ်းကောက် ယူရေးအဖွဲ့က ကောက်ယူရရှိထားသောစာရင်းများသာဖြစ်ပြီး မြေပြင်မှာ ယခုထက်ပိုနိုင်တယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။