အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ယနေ့နံနက်တွင် ကွယ်လွန်
၂၈ နိုဝင်ဘာလ ၂၀၂၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ကဗျာဆရာမုံရွာအောင်ရှင်ဟာ ယနေ့(နိုဝင်ဘာ၂၈ရက်)နံနက် ၆နာရီခန့်က ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူများက အတည်ပြုပါတယ်။
မုံရွာအောင်ရှင်မှာ ယခင်က ပန်းနာရင်ကြပ်ရောဂါခံစားနေရသော်လည်း ယခုသေဆုံးရခြင်းမှာ နှလုံးသွေးကြောပိတ်ရောဂါကြောင့် နှလုံးရပ်သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ မုံရွာအောင်ရှင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အောက်တိုဘာ ၁၈ ရက်မှာ အခြားအကျဉ်းသားများနှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့တာပါ။
ဒါ့ကြောင့် လွတ်မြောက်လာပြီး တစ်လအကြာမှာကွယ်လွန်သွားတာဖြစ်ပါတယ်။ ထိန်းသိမ်းထားရာကနေ လွတ်မြောက်လာပြီးနောက် မိသားစုနဲ့အတူ တာမွေမြို့နယ်ရှိတဲ့ နေအိမ်မှာအတူနေထိုင် ဆေးကုသမှုခံယူခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကသက်သာလာတယ်ဆိုကာ ဆေးရုံကပြန်ဆင်းလာတာဖြစ်ပါတယ်။
ဒီချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ ဒီလှိုင်းစာစောင်ရဲ့ တာဝန်ခံအယ်ဒီတာတစ်ဦးလည်းဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ ကွယ်လွန်ချိန်မှာ အသက် (၇၆)နှစ်ရှိပြီ ဖြစ်ပါတယ်။