အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများ သဘောထားထုတ်ပြန်
———————–
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးက ထောက်ခံကြိုဆိုကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့ကြပါတယ်
ထောက်ခံကြိုဆိုတဲ့ အဖွဲ့တွေကတော့
ရဝမ် Development Association ၊ ကချင် Alliance နဲ့ လီဆူး National Organization
ကချင် political interim coordination team ကေပစ် ၊
KNU concerned group၊
မွန်အမျိုးသားကွန်ရက်၊
ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း)
တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့
ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ တို့ပဲဖြစ်ပါတယ်။
ရဝမ် Development Association ၊ ကချင် Alliance နဲ့ လီဆူး National Organization တို့ ၃ဖွဲ့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်ထဲမှာတော့
မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ပင်လုံကတိကဝတ်ကိုအခြေခံတဲ့
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အပြည့်အဝ ဖော်ဆောင်နိုင်လိမ့်မယ်လို့
ယုံကြည်တဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
အဲ့ဒီလိုပဲ ကချင် political interim coordination team ကေပစ် ရဲ့ထုတ်ပြန်ချက်မှာ
အမျိုးသားညီညွတ်ရေးအစိုးရထဲ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်လာတဲ့အတွက်ရယ်
ကချင်အမျိုးသားကိုယ်စားလှယ်များကို ဖိတ်ခေါ်ခဲ့တဲ့အတွက်ရယ် ဝမ်းသာဂုဏ်ယူရကြောင်းရေးသားထားသလို
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်ကြမယ်လို့လည်း ဖော်ပြထားပါတယ်။
KNU concerned group ရဲ့ထုတ်ပြန်ချက်ဟာလည်း
ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့
ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်စေပြီး
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားရန် မျှော်လင့်တဲ့အကြောင်း ထည့်သွင်းရေးသားထားပါတယ်။
မွန်အမျိူးသားကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာတော့
အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေးနဲ့ တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ မွန်အမျိုးသားကွန်ရက်က လက်တွဲလုပ်ဆောင်သွားမယ့်အကြောင်း ကြေညာထားပါတယ်။
ထို့အတူပဲ ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) အနေနဲ့ကလည်း
ပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက် ရွေးကောက်တင်မြှောက်ခဲ့တဲ့
အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့
CRPH နဲ့ ၎င်းတို့ အဖွဲ့ ဆွေးနွေးမှုရလဒ်တွေကို ဆက်လက် အသိအမှတ်ပြု ဖော်ဆောင်လျက်ရှိကြောင်း၊
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်များကို
၎င်းတို့ လှုပ်ရှားနယ်မြေများဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းနဲ့ ချင်းပြည်(မြောက်ပိုင်း)တို့မှာ ထမ်းရွက်တာဝန်ယူနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အကြောင်းဖော်ပြထားပါတယ်။
ဒါ့အပြင် တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ရဲ့ကြေညာချက်မှာ တအောင်းတစ်မျိုးသားလုံးရဲ့ကိုယ်စား TPCC ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့နဲ့ တော်လှန်ရေးပန်းတိုင် အောင်မြင်တဲ့အထိ
ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ
အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မပေါ်ပေါက်ခဲ့ဘူးသေးသော လူထုကိုယ်စားပြုမှုရရှိထားတဲ့တိုင်းရင်းသားများ
စုစည်းညီညွတ်စွာပါဝင်တဲ့ အစိုးရဖြစ်တဲ့အကြောင်း၊
တိုင်းရင်းသားပြည်သူများ မျှော်လင့်နေကြတဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှု အသီးအပွင့် စတင်ဖူးပွင့်လာသည့် အထိမ်းအမှတ်အဖြစ် ရှုမြင်ကြောင်း စသဖြင့်
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
Like – 12K Share – 940