အမျိုးသားညီညွတ်ရေးအစိုးရ ၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်
◼️ နွေဦးတော်လှန်ရေးမှာ ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ် ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား
ဇန်နဝါရီ ၂၄ ၊ ၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း ၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ‘ အခုဆိုရင် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက် အချိန်ကိုလည်း ရောက်လာတော့မယ်။ တကယ်တော့ ပင်လုံစာချုပ်ဆိုတာပေါင်းစည်းခြင်း၊ စုစည်းခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ အနှစ်သာရတွေကို ပြနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ အတူတကွ ပေါင်းစည်းခဲ့ကြတယ်ဆိုတာကို သက်သေပြနေပါတယ်။ အခုလည်း နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ် ရှိနေတာကို တွေ့ရပါတယ်။ ခုခံတော်လှန်စစ်မှာ ခိုင်မာသော မဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ကျွန်တော်တို့အားလုံးမှာ ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ်။ နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေး ကိစ္စဟာ အင်မတန် နက်နဲသလို အင်မတန်လည်း ရှုပ်ထွေးပါတယ်။ ဒါ့အပြင် တိုင်းပြည်ထူ ထောင်ရေးကိစ္စဟာ အနုပညာတစ်ရပ်လို နှလုံးသားနဲ့ ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင် နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက်အထိ ကြိုတင် မြော်မြင်ထားကြဖို့လည်း လိုပါတယ်။ ပဋိပက္ခဟာ ယာယီသဘောဖြစ်ပါတယ်။ ပဋိပက္ခအလွန်ကာလတွေမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လို ပုံစံမျိုး မြင်ချင်သလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားကြရပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ယူဆပါတယ်။ ‘ လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း ‘နွေဦးတော်လှန်ရေးမှာ အဆိုးထဲက အကောင်းတွေလည်း ရလိုက်တာတွေ ရှိတယ်လို့ ယူဆပါတယ်။ ယခင်တုန်းက လက်နက်ကိုင် ခုခံတော်လှန်မှုကို ငြင်းချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အများအပြားရှိခဲ့တယ်။ အထူးသဖြင့် ပြည်မဒေသက လူထုခေါင်းဆောင်တွေမှာ ဒီလို တွေ့ရတယ်။ ယခု လက်ရှိကာလမှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုထားကြရတော့မယ်ဆိုတာကို အတွေ့အကြုံအားဖြင့် လက်တွေ့ သိလာကြပါပြီ။ တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေ ချည်းပါပဲ။ ဒါပေမယ့် လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့ပါတယ်။ ဒီတော့ စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါ့အပြင် ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်လို့ ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနက ၇၆ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပနိုင်ရေး ကိစ္စတင်ပြတာ၊ CDM Sucess Committe က အကြမ်းမဖက် ဖီဆန်ရေး(CDM) လှုပ်ရှားမှုကို ၂ နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်ဆောင်နေတဲ့ ပြည်သူ့ သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာရန် တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။