အမျိုးသားညီညွတ်ရေးအစိုးရ ၇၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်
◾️ မြေပြင် PDF တွေအချင်းချင်း နားလည်မှုတွေ မကွဲလွဲအောင်နဲ့ နိုင်ငံရေးအရ Timing တိုက်ထားကြဖို့ ဝန်ကြီးတွေကို ယာယီသမ္မတတိုက်တွန်း
အောက်တိုဘာ ၄ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက ‘ခုခံတော်လှန်စစ်ကို မြေပြင်မှာ လက်တွေ့ဆင်နွှဲနေရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပကဖ တွေကို နိုင်နိုင်နင်းနင်း ထိတွေ့ဆက်ဆံဖို့ လိုတယ်။ လိုအပ်တဲ့အထောက်အပံ့တွေကိုလည်း အချိန်အခါ မလင့်စေဘဲ၊ တတ်နိုင်သမျှကြိုးစားပြီး စီမံထောက်ပံ့ကြဖို့ တိုက်တွန်းလိုပါတယ်။ မြေပြင် PDF တွေအချင်းချင်း နားလည်မှုတွေ မကွဲလွဲအောင်၊ နိုင်ငံရေးအရ Timing တိုက်ထားကြဖို့လည်း ဝန်ကြီးများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါ။ လူထုနဲ့ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်များအဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးကို ကျွန်တော့်အနေနဲ့ မမြင်ချင်ပါဘူး။ လူထုနဲ့ တသားတည်း ရပ်တည်ကြဖို့၊ သက်ဆိုင်ရာ မဟာမိတ်အင်အားစုတွေ အချင်းချင်းကြား၊ စည်းလုံးညီညွတ်ကြဖို့၊ အမြဲဝီရိယထုတ်နေကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ ‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်းမှာ နိုင်ငံရေးပဋိညာဉ်တစ်ခု ကျစ်ကျစ်လစ်လစ်ပေါ်ထွက်လာ ရေးကိုလည်း အာရုံစိုက်ကြပါ။ အုပ်စုအကျိုး စီးပွားထက် လူထုအကျိုးစီးပွား အပေါ် အခြေခံသော နိုင်ငံရေးပဋိညာဉ်နဲ့ နိုင်ငံရေးမူဝါဒတွေ ဖြစ်ဖို့လည်း လိုပါတယ်။’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အဘက်ဘက်က အကြပ်အတည်း ဆိုက်အောင် ဝိုင်းဝန်းပိတ်ဆို့ လုပ်ဆောင်ရမယ်၊ အကြမ်းဖက်စစ်ကောင်စီက သူ့အတွက် ဂယ်ပေါက် ကြီးကြီး တစ်ပေါက်ရလိုက်တာနဲ့ ရှင်သန်ရပ်တည်နိုင်မှာ ဖြစ်တယ်ဆိုတာ အထူးသတိပြုဖို့၊ ဒါကို သတိချပ်ပြီး အာရုံစိုက် ပိတ်ဆို့ဟန့်တားကြဖို့၊ စစ်ရှောင်ပြည်သူတွေနဲ့ စီဒီအမ်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့၊ လက်နက်ကိုင်တော်လှန်ရေးက အကဲဆတ်တာကြောင့် အချိန်ကာလ တိုတိုလေးအတွင်းမှာ တဆစ်ချိုး အပြောင်းအလဲတွေ ရုတ်တရက် ချိုးကွေ့ပြောင်းလဲတက်တာကိုလည်း သတိ ချပ်ဖို့ လိုတယ်ဆိုတာတွေကို ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘တော်လှန်ရေးကာလဖြစ်တာကြောင့် တစ်ပတ်ဆိုတဲ့ ကာလအတွင်းမှာကိုပဲ နိုင်ငံရေးအခြေအနေတွေ၊ နိုင်ငံခြားရေးအခြေအနေတွေ၊ မဟာမိတ်တွေနဲ့ ဆက်ဆံရေး အခြေအနေတွေ၊ မြေပြင်က စစ်ရေး အခြေအနေ၊ စီမံအုပ်ချုပ်မှုအခြေအနေတွေ အားလုံးဟာ တစ်နေ့နဲ့တစ်နေ့ စဉ်းစားချက်တွေ၊ လုပ်ကိုင်ဆောင်ရွက်ရတာတွေမှာ အပြောင်းအလဲတွေ ရှိနိုင်တာမို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မျက်ခြေမပြတ်ပဲ စီမံ ဆောင်ရွက်နေကြဖို့ လိုအပ်ပါတယ်။ ‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘တော်လှန်ရေးတစ်ခု ဆင်နွှဲကြတယ်ဆိုရာမှာ အားလုံးပြီးပြည့်စုံတဲ့ အချိန်ထိတော့ စောင့်လို့မရတာ အမှန်ပါပဲ။ လိုအပ်ချက်တွေ ရှိတာပေမယ့်လည်း တော်လှန်ရေးအင်အားစုတွေ အားလုံးအတူတကွ လက်ချင်းချိတ်ပြီး ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် တိုင်းရင်းသားမဟာမိတ်တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေ အားလုံး အတူတကွ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီချာတာကို အခြေခံထားတဲ့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးကိုလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ တက်ညီ လက်ညီ ဆောင်ရွက်နေကြတယ်၊ ဒီတော်လှန်ရေးဟာ ထူးခြားတဲ့ တော်လှန်ရေး ဖြစ်တယ်၊ အရင်တုန်းက မြန်မာ့သမိုင်းတလျှောက် မရဖူးခဲ့တဲ့ ညီညွတ်မှုအင်အားတွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်နေ ရတဲ့ တော်လှန်ရေးဖြစ်တယ်၊ ဒီလို ညီညွတ်မှုတွေနဲ့ အတူတကွသွားနေကြတဲ့ ဒီတော်လှန်ရေးဟာ မအောင်မြင်စရာကို မရှိဘူးဆိုပြီးတော့လည်း ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦီးတင်ထွန်းနိုင်က တနှစ်တာ အစီအမံနဲ့စပ်လျဉ်းပြီး ပြင်ဆင်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြတာ၊ International Aid Coordination Commission အတွင်းရေးမှုး ၁ ဖြစ်သူ ဒေါ်ခင်မမမျိုးက International Aid Coordination Commission ရဲ့ လုပ်ငန်းပြီးစီး ဆောင်ရွက်မှုတွေကို တင်ပြတာတွေ ပြလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ် အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.