အမျိုးသားညီညွတ်ရေးအစိုးရ ၆၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်
▪️ အချိန်ကိုတန်ဖိုးထားပြီး နည်းဗျူဟာကျကျချိတ်ဆက်ပူးပေါင်းကာ တော်လှန်ရေးအောင်မြင်ဖို့ အတွက်လုပ်ဆောင် ကြဖို့ ယာယီသမ္မတတိုက်တွန်း
ဇူလိုင် ၅ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၆၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်း အဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက ‘တဖက်မှာ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အချိန်ကို နှောင့်နှေး အောင်လုပ်ဆောင်ပြီး ပြည်သူလူထုများ ဆင်းရဲဒုက္ခတွင်းနက်ထဲ ကျရောက်အောင် စနစ်တကျ ဆောင်ရွက်နေပြီး တော်လှန်ရေး အင်အားစု များအကြား မညီမညွတ်ဖြစ်အောင် လုပ်ဆောင်နေတာမှာ အားလုံးအသိပင်ဖြစ်ပါတယ်။ ထို့အတူ တဖက်မှာ အာဏာသိမ်းမင်းအောင်လှိုင် အနေနဲ့လည်း ပြည်သူလူထု ဆန္ဒမပါဘဲ ယင်းထွက်ပေါက်အတွက် ၂၀၂၃ ရွေးကောက်ပွဲကို မရရအောင် လုပ်ဆောင်ဖို့ ကြံရွယ်နေပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို လိုလားသော နိုင်ငံရေးပါတီများ အနေဖြင့်လည်း မင်းအောင်လှိုင် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို မပါဝင်ဘဲလူထုဆန္ဒအတိုင်း ရပ်တည်ကြဖို့ လိုအပ်ပါ တယ်။ တော်လှန်ရေးအောင်မြင်ဖို့ အချိန်က အင်မတန် တန်ဖိုးကြီးလှ ပါတယ်။ အဲဒါကြောင့် မိမိတို့အနေနဲ့ အချိန်ကို တန်ဖိုးထားလျက် နည်းဗျူဟာကျကျ ချိတ်ဆက်ပူးပေါင်းကာ တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ကြိုးစားကြဖို့ တိုက်တွန်း ဆော်သြလိုပါတယ်’ လို့ ပြောပါတယ်။
ဒါအပြင် အစိုးရအဖွဲ့ဝင်တွေကိုလည်း လုံခြုံရေးကို အထူးဂရုပြုပြီး တော်လှန်ခရီးကို မဆုတ်မနစ်ကြိုး စားကြဖို့အတွက် လည်း တိုက်တွန်းထားတာ၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဘဏ္ဍာရေးက အရေးကြီးတယ်ဆိုတာ၊ အကြမ်း ဖက် စစ်ကောင်စီရဲ့ ရက်စက်မှုကြောင့် စစ်ဘေးသင့် စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာရေးအတွက် များစွာ ကူ ညီထောက်ပံ့ပေးဖို့ လိုအပ်နေတာတွေကို ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ နေရာဒေသတွေရဲ့ အခြေအနေတွေ ကိစ္စပါ။ ကျနော်တို့အနေနဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စစ်ကိုင်း၊ မကွေးနယ်ဘက် တွေကစိုးမိုးနိုင်တဲ့ဒေသတွေမှာ စနစ်တကျ အုပ်ချုပ်စီမံနိုင်အောင် ဆောင်ရွက်ခဲ့ကြတာ အတော်အသင့် ခရီးရောက်ခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းကြရာမှာ သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူထုရဲ့ ညီညွတ်မှုအင်အား စတဲ့ကဏ္ဍစုံ ဘက်ပေါင်းစုံ ကနေ ဆောင်ရွက်နေကြရတာဖြစ်ပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍဟာဆိုရင်လည်း ဟန်ချက်ညီညီ လိုက်ပါဆောင်ရွက်နိုင်ဖို့ အင်မ တန် အရေးကြီးတယ်ဆိုတာ ဝန်ကြီးများအားလုံးလည်း သိရှိနားလည်ပြီး ဖြစ်ပါတယ်။ တော်လှန်ရေး အပြီးသတ် အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ဆောင်မှုတွေဟာ တခုနဲ့ တခု ချိတ်ဆက်နေကြတယ်ဆိုတာ အားလုံးလည်း အသိပဲဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်ဆောင်ရွက်နေကြ ရတာမို့ ကဏ္ဍတခု မှာ လုပ်ဆောင်မှုအားနည်းသွားတယ်ဆိုရင် ကျန်တဲ့ကဏ္ဍများမှာပါ အကျိုးသက် ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာ ကိုလည်း သတိပြုကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ဝန်ကြီးဌာန အချင်းချင်းလည်း သီးခြားချိတ်ဆက် လုပ်ဆောင်ကြ ရတဲကဏ္ဍတွေ ရှိမှာဖြစ်သလို ကော်မတီတွေထဲမှာလည်း ညှိနှိုင်းတိုင်ပင် လုပ်ဆောင်သွားကြရမှာတွေအတွက် တိုင်တိုင်ပင်ပင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း အခုဆိုရင် ကော်မတီ ကော်မရှင်တွေက (၁၆)ခုထိ ရှိလာပြီး စီမံလုပ်ဆောင်ရတာတွေ များလွန်းတာမို့ ဝန်ကြီးတွေလည်း အလုပ်အတော် ဝန်ပိလာကြတယ်လို့ ကြားသိရပါတယ်။ ကော်မတီအစည်းအဝေးတွေ ခေါ်လို့ရှိရင် လူစုံမတက် ရောက်နိုင်ကြလို့ အစည်းအဝေးအတွင်း ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အခက်အခဲတွေ ဖြစ်ကြတယ်ဆိုတာလည်း ကြားရပါတယ်။ ဒါတွေအတွက်လည်း ကော်မတီရဲ့ လုပ်ငန်းတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိရောက်ရောက် ဖြစ်စေဖို့ သေချာ ပြန်လည်သုံးသပ်ပြီး စနစ်တကျ စီမံပေးဖို့ ကျနော်တို့ ရုံးက တာဝန်ရှိသူတွေကိုလည်း မှာကြားထားပါတယ်’ လို့ ပြောကြားလိုက်ပါတယ်။
ဒါအပြင် လက်ရှိအချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးနဲ့ အတူတကွ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နိုင်တာ တွေ့ရတဲ့အတွက် အလွန်အားရစရာကောင်းတယ်၊ တော်လှန်ရေးမှာ ဘုံသဘောထားရည်မှန်းချက်တွေနဲ့အတူ လျှောက်လှမ်းနိုင်နေတဲ့အတွက်ကြောင့်လည်း မကြာခင်ကာလ မှာ အောင်မြင်မှုတွေကို မြင်တွေ့ရတော့မှာကို ခိုင်ခိုင်မာမာယုံကြည်တယ်ဆိုပြီးတော့လည်း ပြည်ထောင် စု ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ပြ ည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့ က နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် ဖွဲ့စည်းရန်ကိစ္စ အတည်ပြုရန် တင်ပြတဲ့ ကိစ္စ၊ PR Team, Press Secretary Team ရဲ့ ဦးနေဘုန်းလတ်က PR Team, Press Secretary Team and Press Conference နဲ့ ပတ်သက်ပြီး တင်ပြတဲ့ကိစ္စ အစရှိတာတွေကို ဆွေးနွေးတင်ပြခဲ့ ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာ တွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။