အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ရေးအရ ဆက်ဆံနိုင်ရေးလုပ်ဆောင်နေပြီး တရုတ်ဘက်ကလည်း ချင့်ချိန်စဉ်းစားမှုတွေ ရှိနေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ရေးအရ ဆက်ဆံနိုင်ရေးလုပ်ဆောင်နေပြီး တရုတ်ဘက်ကလည်း ချင့်ချိန်စဉ်းစားမှုတွေ ရှိနေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
မတ် ၁၇ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ် အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ရေးအရ ဆက်ဆံနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေပြီး တရုတ်နိုင်ငံဘက်ကလည်း ချင့်ချင့်ချိန်ချိန် စဉ်းစားနေတဲ့ အနေအထားကို ဖြစ်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ The World ရေဒီယိုသတင်းဌာနနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံမေးမြန်ခန်းမှာ အခုလို ပြောကြားလိုက်တာပါ။

“ကျမတို့ဖက်က တရုတ်နဲ့ ထိတွေ ဆက်ဆံနိုင်အောင် ကြိုးစားနေပါတယ်၊ တရုတ်ဖက်က အတော်လေးကို ချင့်ချင့်ချိန်ချိန် စဉ်းစားနေတဲ့ သဘောရှိပါတယ်။ ကျမတို့ ဖက်က တရုတ်ကို ပေးတဲ့ မက်ဆေ့ခ်ျကတော့ ရှင်းရှင်းလေးပါ၊ မြန်မာပြည်မှာ ဒီမိုကရေစီ ရှိလာတာက တရုတ်ကို ခြိမ်းချောက်လာနိုင်စရာ မရှိဖူး ဆိုတာပါပဲ၊ ဒီမိုကရေစီ ရလာရင် ကျမတို့ နိုင်ငံလည်း တည်ငြိမ်မှု ရှိလာမယ်၊ သူတို့ အတွက် ရေရှည် အကျိုးအမြတ် ရှိမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်လို့ရမယ့် အခွင့်အလန်းတွေ ရှိလာမယ်။ အခု အာဏာသိမ်းလိုက်လို့ တရုတ်က ရင်းနှီးမြုပ်နှံမယ့် လူတွေ မြန်မာပြည်အပေါ် စိတ်ဝင်စားမှု တွေ လျော့နည်းလာကုန်ပြီ၊ ရှင်းအောင်ပြောရရင် ကျမတို့ တော်လှန်ရေး အတွက် တရုတ်ဆီက အကူအညီ တောင်းနေဝာာ မဟုတ်ပါဘူး၊ အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့ကို မထောက်ခံဖို့နဲ့ တရားဝင် အသိအမှတ်ပြုတာမျိုးတွေ မလုပ်ဖို့ပဲ ပြောနေတာပါ။” လို ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအင်အားစုတွေက စစ်တပ်ကို အာဏာကနေ ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ထားကြတယ် ဆိုပြီးတောလည်း မှတ်ချက်ပြုပြောကြားထားတာတွေ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ကို နိုင်ငံရေးမျက်နှာစာကနေ ဆွဲထုတ်နိုင်မှသာ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ မညီမျှမှု တွေနဲ့ ကိုယ်ပိုင်ဆံးဖြတ်ခွင့်တွေ ရှိလာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျမတို့မှာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်း ရှိနေပါပြီ၊ ဒါဟာ တော်လှန်ရေးကြီး ပြီးသွားရင် တည် ဆောက်မယ့် မြန်မာနိုင်ငံတော် အသစ် အတွက် လမ်းပြမြေပုံပါပဲ။ တော်လှန်ရေး ပြီးတာနဲ့ နိုင်ငံရေး မှာ လေ ဟာနယ်လို ဖြစ်ကျန်ခဲ့တာမျိုး ကို ရှောင်ရှားနိူင်ဖို့ လက်နက်ကိုင် တော်လှန်နေတဲ့အဖွဲ‌့ တွေ၊ သပိတ် အဖွဲ့တွေ၊ လွှတ်တော် အမတ်တွေ အတူ ပူးပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဖေါ်ဆောင် ကြမှာပါ၊ ဒါဟာ အနာဂတ် မြန်မာနိုင်ငံ အတွက် တံခါးဖွင့်ပေးဖို့ပါပဲ” လို့ အနာဂတ်မြန်မာနိုင်ငံတော်နဲ့ ပတ်သက်ပြီးတော့ ဒေါ်ဇင်မာအောင်က မှတ်ချက်ပြု ပြောကြားထားပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ပြည်တွင်းရေးဆိုပြီးတော့ မျက်ကွယ်ပြုထားတယ်ဆိုတာနဲ့ မြန်မာ့အရေးကို မျက်ကွယ်မပြုဘဲ ရင်ဆိုင်ကူညီပေးမှသာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ ဖြစ်စဉ်တွေ မရှိတော့ဘဲ နောက် ထပ် အကြမ်းဖက်ခံရမှုတွေ ရောက်မလာတော့မှာလို့လည်း ထောက်ပြပြောဆိုထားတာ တွေ့ရပါတယ်။

“ကျမတို့ တော်လှန်ရေး အတွက် အထောက်အပံ့ ဆိုလို့ ဘယ်နိုင်ငံဆီကမှ ခုထိ တပြားတချပ် မရခဲ့သေးပါဘူး၊ ကျမတို့ ပြည်သူ‌တွေ့ ရဲ့ အထောက်အပံ့နဲ့ပဲ ရှေဆက်လှုပ်ရှားနေကြရတာပါ၊ ဒီနေရာမှာ စစ် အတွက် တင်မဟုတ်ပဲ၊ ဆန္ဒပြပွဲတွေ၊ သပိတ်တိုက်ပွဲ‌ တွေ ကိုပါ ဆိုလိုတာပါ၊ ကျမတို့ အစိုးရ ငွေတိုက် စာချုပ်တွေ ရောင်းနေရတာ ရှင်လည်း သိမှာပါ၊ ကျမတို့ တော်လှန်ရေး အတွက် ရံပုံငွေ ရအောင်နဲ့၊ မြေပြင်မှာ အခြား အကျိူးပြု လုပ်ငန်းတွေ လုပ်နိုင်အောင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ကျမတို့ မြန်မာ လူမျိုးတွေဆီက ဒေါ်လာ သန်းချီပြီး စုဆောင်းနေရတာပါ” လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်မှုနဲ့ မြန်မာပြည်သူတွေဆီမှာ အကြမ်းဖက်စစ်တပ် ကို တိုက်ခိုက်ဖို့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိလာပြီဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ်ကို အမှည့်ချွေ နိုင်နေပြီလို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဆီကိုသာ ဒေါ်လာဘီလီယံနဲ့ ချီပြီး ရရှိခဲ့မယ်ဆိုရင် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို ပေးနိုင်မှာဖြစ်သလို တပ်ဖွဲ့တွေအတွက်လည်း စားနပ် ရိက္ခာနဲ့ အခြားအထောက်အပံ့တွေ အများကြီးပေးနိုင်မှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.