အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်၊ တော်လှန်ရေးအမြန်ဆုံး အောင်မြင်ဖို့ အထူးကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်၊ တော်လှန်ရေးအမြန်ဆုံး အောင်မြင်ဖို့ အထူးကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား
မတ် ၈ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ်ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည် ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့က နိုင်ငံတကာအမျိုး သမီး များနေ့ဖြစ်တာကြောင့် ကတ်ဘိနက်အဖွဲ့ဝင် အမျိုးသမီးတွေကို ဂုဏ်ပြုစကားပြောကြားခဲ့သလို အကြမ်းဖက်စစ်အုပ်စုကြောင့် ဒုက္ခပေါင်းစုံကို ခါးသီးစွာနဲ့ ရင်ဆိုင်နေကြရတဲ့ အမျိုးသမီးပေါင်းများစွာကိုလည်း အားပေးဂုဏ်ပြုစကားပြော ကြားထားပါတယ်။ နွေဦးတော်လှန်ရေးကနေ လက်ရှိအချိန်ထိ ခရီးဆိုက်ရောက်နေတာက အမျိုးသမီးတွေရဲ့ ရဲ ရင့်မှု၊ အစွမ်းသတ္တိနဲ့ စွန့်လွှတ်ပေးဆပ်ရဲတဲ့ သတ္တိတွေကြောင့်ဆိုတာနဲ့ တော်လှန်ရေးကာလအတွင်း အသက်ပေး ကျဆုံးသွားတဲ့ အမျိုးသမီးတွေကို အထူးမေတ္တာပို့ရင်းဂုဏ်ပြုတယ်ဆိုပြီး ပြောထားပါတယ်။ တော်လှန်ရေးမှာ အရှိန်အဟုန်ကောင်းတဲ့ ကာလရှိသလို အရှိန်လျော့ကျတဲ့ ကာလလည်း ရှိတာမို့ အရှိန်လျော့ကျတဲ့ကာလတွေကို အထူးဂရုစိုက်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ အကြမ်း ဖက်စစ်အုပ်စုနဲ့ ရဲရဲရင့်ရင့်ရင်ဆိုင်နေကြတဲ့ ရဲဘော်တွေကို အထူးအားပေးကူညီရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ အဓိကတာဝန်ယူဦးဆောင်လုပ်နေရတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကျရှုံးမသွားအောင် တော်လှန်ရေးအမြန်ဆုံးအောင်မြင် ဖို့ အထူးကြိုးပမ်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောကြားထားပါတယ်။

ဒါအပြင် ရုရှားရဲ့ကျူးကျော်စစ်ဒဏ်ကိုခံနေရတဲ့ ယူကရိန်းပြည်သူတစ်ရပ်လုံးအနေနဲ့ ဆိုးရွားလှတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်၊ မြန်မာပြည်သူတွေနဲ့ ယူကရိန်းပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေ တွေက ထပ်တူနီးပါးဖြစ်နေပြီး လက်နက်အားကိုးပြီး ခြယ်လှယ်နေတဲ့ အာဏာရှင်တွေကို ပြည်သူလူထုအားနဲ့ ရင် ဆိုင်တွန်းလှန်ရမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးမျှော်မှန်းတောင်းဆိုတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်ဖို့ အရေးကြီး တယ်ဆိုပြီးလည်း ယာယီသမ္မတကြီးက ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ တော်လှန်းရေးအရှိန်ကို မြင့်သတထက်မြင့်အောင်ဘက်ပေါင်းစုံကနေ အားထုတ်ရမယ့်နှစ်ဖြစ်တယ်။ ရုရှား-ယူက ရိန်းအရေးကြောင့် မြန်မာနိုင်ငံမှာ ပြည်သူတွေနေ့စဉ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရမှုတွေ ကမ္ဘာမှာ မှေးမှိန် သွားသယောင်ထင်ရတယ်။ တကယ်တော့လည်း ကျူးကျော်စစ်နဲ့ ပြည်တွင်းစစ်ပုံစံမတူပေမယ့် အာဏာရှင် တွေရဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ခြင်းခံရတာကတော့ အတူတူပဲ။ သို့ပေမယ့်လည်း နိုင်ငံတကာကူညီပံ့ပိုး မှုအပိုင်းကတော့ အင်မတန်ကွာခြားတယ်။ ကျွန်တော်တို့နိုင်ငံရဲ့စစ်ပွဲတွေက ကိုယ့်ပြည်တွင်းမှာပဲ အချင်းချင်းဖြစ် ကြတဲ့ စစ်ပွဲတွေမို့ နိုင်ငံတကာအ နေနဲ့ကြည့်ရင် ပြည်တွင်းရေးဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ ယခုအချိန်အထိ နိုင်ငံတကာရဲ့ပံ့ပိုးမှု ဘာတစ်ခုမှမရ သေးတဲ့အခြေအနေလို့ ပြောကြားပါတယ်။

“အစိုးရအနေနဲ့ ကဏ္ဏစုံက ကြိုးပမ်းအားထုတ်နေတာသိပေမယ့် စစ်ရေးဗျူဟာ ၊ နိုင်ငံရေး ဗျူဟာတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် စီမံနိုင်ဖို့ကတော့ အရေးကြီးနေကြောင်း ထပ်မံပြောကြားလိုပါ တယ်။ ကျွန်တော်တို့မှာ အချိန်ရဲ့ဖိအားတွေရှိနေတာကတော့ အမှန်ပဲဖြစ်ပါတယ်။ တစ်နှစ်ကျော်ဖိနှိပ်ရက်စက်မှု တွေကို တောင့်ခံနေတဲ့ ပြည်သူကလည်းဖိအားပေးမှာပါပဲ။ တစ်နှစ်ကျော် CDM လုပ်ပြီး ထွက်ပြေးရင်း ရုန်းကန်နေ ကြရတဲ့ CDM တွေကလည်း အားမလိုအားမရဖြစ် ကြမှာပါပဲ။ အားလုံးကိုစွန့်လွှတ်ပြီး တောထဲစစ်ပညာတွေ သင်ရ တဲ့ PDF လေးတွေလည်း လက်နက်ပံ့ပိုးမှု နည်း တာကို အပြစ်မြင်ကြမှာပဲ။ ကျွန်တော်တို့ကလည်း အခြေအနေ အရ လုပ်သင့်တာတွေကို လုပ်ဆောင်နေပါတယ်။ သို့ပေမယ့်လည်း လုပ်ဆောင်ချက်တွေ ကိုပြည်သူအများ သိအောင် ပြောဖို့ရန်အတွက်လည်း အကန့်အသတ်တွေရှိနေပြန် ပါတယ်။” လို့ ပြည်ထောင် စုဝန်ကြီးချုပ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ EROs တွေ ပူးပေါင်းမှုကို ဒီထက်ပိုပြီး အားကောင်းစေမယ့် အ ခြေအနေမျိုးရှိဖို့ ကြိုးစားကြရမှာဖြစ်ပြီး EROs အများစုရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းလာလေလေ ၊ အကြမ်း ဖက်စစ်တပ် မျက်ဖြူဆိုက်လေလေဖြစ်မှာဖြစ်ပြီး ပြည်သူတွေကတော့ တော်လှန်ရေးအတွက် ခွန်အားရှိသွား ကြမှာဖြစ်တယ်ဆိုတာနဲ့ တစ်ဖက်က စစ်ရေးမှာ ပိုပြီးဖိအားပေးလာနိုင်လေလေ တစ်ဖက်က နိုင်ငံရေးအရ စဉ်းစားချက်တွေမှာ အားသာလာမှာဖြစ်တယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခုခံကာကွယ်စစ်ဘက်ကို သွားနေ ပေ မယ့် စစ်ရေးတစ်ခုတည်းနဲ့ပဲ ဒီနိုင်ငံရဲ့ပြဿနာတွေဟာ အကုန်ဖြေရှင်းနိုင်မှာ မဟုတ်လို့ နိုင်ငံရေးနည်းလမ်း ၊ သံတမန်နည်းလမ်းတွေကလည်း အင်မတန်အရေးကြီးပါတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက JCC ဖက်ဒရယ်မှာ ဆောင်ရွက်လျက်ရှိတဲ့ အသွင် ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ အခြေခံမူ တွေစုစည်းထားရှိမှုနဲ့ အခြေခံအခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေနဲ့ လုပ်ငန်းတာဝန်တွေကို စုစည်းထားရှိမှု လုပ်ငန်း တွေကို အစီရင်ခံစာတင်ပြခဲ့ပါတယ်။

စီမံကိန်း၊ ဘဏ္ဍရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက NUG Budget Statement အကြောင်းရှင်းလင်းတင်ပြတာ၊ NUG Pay Mobile Money အကြောင်းရှင်းလင်းတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက Humanitarian situation update တင်ပြတာတွေပြုလုပ်ခဲ့သလို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း ကြားကာလ ယဉ်ကျေးမှု အမွေအ နှစ် စီမံခန့်ခွဲမှု ကိစ္စရပ်တွေကို တင်ပြခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.