အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်ဝယ်ယူထားသူတွေရဲ့ စာချုပ်ပေါင်း ၂၅၀၀၀ နီးပါးအထိ ဝယ်ယူသူ ပြည်သူတွေထံ ပြန်ပို့ပေးထား
ဇန်နဝါရီ ၂၅ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်တွေကို အွန်လိုင်းကနေတဆင့်ဝယ်ယူထားတဲ့သူတွေရဲ့ စာချုပ်ပေါင်း ၂၅၀၀၀ နီးပါး အထိကို ဝယ်ယူသူတွေလက်ထဲ ပြန်ပို့ပေးထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဌာနက ဒီနေ့မှာ သတင်းထုတ် ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ငွေတိုက်စာချုပ်(NUG Bond)ကို ဇန်နဝါရီ ၂၃ ရက်အထိ ဝယ်ယူထားတဲ့သူတွေအတွက် စာချုပ်ပေါင်း ၂၄၅၃၂ အထိ ပြန်ပို့ပေးထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကျန်ရှိတဲ့သူတွေကိုလည်း ဆက် လက်ပို့ဆောင်ပေး နေပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနကတော့ တော်လှန်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိစေဖို့ ငွေတိုက်စာချုပ်တွေကို စွမ်းသမျှ ဆက်လက်ဝယ်ယူပေးကြဖို့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
“ယခုအချိန်အထိ ရောင်းရငွေအားလုံးကို တော်လှန်ရေးအောင်စိတ်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာ ဝယ်ယူတဲ့သူတွေ မျှော်လင့်တိမ်းညွှတ်တဲ့ ရည်ရွယ်ရာဆီကို လက်ထဲပူအောင်မထားဘဲ စနစ်တကျပေးပို့ စီမံခန့်ခွဲလျက် ရှိပါတယ်။ ယခင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက်ရှိနေပြီဆိုတာကိုလည်း သတင်းကောင်းပါးလိုပါတယ်။” လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇန်နဝါရီ ၁၅ ရက်မှာ ပြောကြားထား ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ငွေတိုက်စာချုပ်(NUG Bond)တွေကို ဒီဇင်ဘာလထဲမှာလည်း ငွေတိုက်စာချုပ်ပေါင်း ၈၀၀၀ ခန့်ကို ပြည်သူလူထုလက်အတွင်းပေးအပ်နိုင်ခဲ့ပြီးတော့ ဒီနေ့မှာတော့ စာချုပ်ပေါင်း ၂၄၅၃၂ အထိ ကို ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
KPICT နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ပူးပေါင်းပြီးတော့ ငွေတိုက်စာချုပ်တွေကို ပြည်တွင်း၊ ပြည်ပမှာ ရောင်းချပေးနေတာပါ။ အခုဆိုရင် ငွေတိုက်စာချုပ် ကိုယ်စားလှယ်စာရင်းတွေကိုလည်း ဖော်ပြပေးထားပြီးလည်းဖြစ်ပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။