အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ချင်းပြည်နယ် ပြည်သူရဲတပ်ဖွဲ့တို့ ပူးတွဲကြေညာချက်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ချင်းပြည်နယ် ပြည်သူရဲတပ်ဖွဲ့တို့ ပူးတွဲကြေညာချက်ထုတ်ပြန်
◼️ တရားဥပဒေ စိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ သတင်းဖလှယ်ရေးကိစ္စများဆောင်ရွက်နိုင်ရန် အတွက်လို့ ဖော်ပြထား
မတ် ၃၁ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တရားဥပဒေ စိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ သတင်းဖလှယ်ရေးကိစ္စများဆောင်ရွက်နိုင်ရန်အတွက် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းထားရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ အသိအမှတ်ပြု ဖွဲ့စည်းထားတဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဖက်မှ ရပ်တည်ပြီး CDM ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အများစုနဲ့ သန္ဓေတည်ပေါက်ဖွားလာတဲ့ ရဲတပ်ဖွဲ့များဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက လွတ်လပ်မျှတပြီး တန်းတူညီတူရှိမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရန်၊ ပြည်သူလူထုအား အသွင်သစ်နဲ့ ပြည့်ဝသော ဝန်ဆောင်မှုများပေးနိုင်ရန်၊ ပြစ်မှုကျူးလွန်သူမည်သူမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရန် စတဲ့ တူညီသော ဘုံသဘောတူညီချက်များထားရှိဆောင်ရွက်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့များဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ပြည်သူ့ရဲတပ်ဖွဲ့များက ခိုင်မြဲသော မဟာမိတ် ဆက်ဆံရေးထားရှိပြီး တရားဥပဒေစိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ သတင်းဖလှယ်ရေး ကိစ္စများမှာ တပ်ဖွဲ့အချင်းချင်း နက်ရှိုင်းစွာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေး တွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။