အမိတလို့ ရေးတဲ့စာ
============
မောင်းပြန်တွေကြားထဲ
ဒေါင်းအသံသဲ့သဲ့ကြားရတယ်
အမေ ကျန်းမာရေးကောင်းပါတယ်တဲ့…
.
မတွေ့ရတဲ့ရက်တွေအတွင်း
အမေအိမ်ပြောင်းခံရသလို
ကျွန်တော်တို့လည်း နိုင်ငံပြောင်းခံလိုက်ရတယ်အမေ
တရားခံက တရားလိုပြန်လုပ်နေတဲ့
“နိုင်ငံတော်”အသစ်ကြီးမှာ
ကျွန်တော်တို့အားကိုးရာက သစ္စာပါပဲ
.
ကြေးမုံဖတ်ရင် ကျွန်တော်တို့လူဆိုး
ဂျာနယ်မှာတော့ အမေ့သားတွေက လူ့တန်ဖိုးပါ
အိန္ဒိယက အသက်ရှည်ဆေးမမှာဘဲ
အရှက်တွေ ရွေးဝယ်ပေးခဲ့ရမှာ အမေရယ်
သူတို့က မရှက်တတ်ဘူးလေ
.
“ကျွန်မတို့ပြည်သူတွေ အားတင်းထားကြပါ” တဲ့
တင်းတာပေါ့ အမေရယ်
သူတို့ပြောတဲ့ “ခဏ” ဆိုတာကိုသိတော့
အသက်ဘေးတွေး ပြေးရင်ပြေးရပါစေ
သွေးအေးခဲ့ရင် ခွင့်မလွှတ်ကြေးလေ
.
ဝင်းမော်ဦးလေးရဲ့ နောက်ဆုံးသာဓုမှ မဆုံးသေးဘူး
မြသွဲ့သွဲ့ခိုင် ဦးနှောက် ကျည်ဖောက်ခဲ့ပြန်ပေါ့
သိပါတယ် – လက်ဖြောင့်သူကြီးတွေရဲ့
ခင်ဗျားတို့မျက်လုံးထဲတော့
သပြေကုန်းဟာ ရန်သူ့တောင်ကုန်း
လမ်းဘေးခဲလုံးဟာ လက်ပစ်ဗုန်း
၁၉ နှစ်သမီးဟာ စစ်သူကြီးပေါ့
အဲဒီနေ့ကတည်းက ကျွန်တော်တို့အားလုံး
မြသွဲ့သွဲ့ခိုင်ဖြစ်သွားတယ်အမေ
.
အမေ… ကျွန်တော်တို့ ပြန်ဆုံကြတဲ့အခါ
ရုံးမတက်ဘဲ ရုန်းထွက်ကြသူတွေအကြောင်း
Gen-Z တွေရဲ့ အကြံအစည်တွေအကြောင်း
ကလေးအရေးအသားနဲ့ psy-war တွေအကြောင်း
ရယ်ကာမောကာ ပြန်ပြောကြတာပေါ့
အမေကျန်းမာအောင်နေပါ
.
လောလောဆယ်တော့ …
အမေပေးခဲ့တဲ့ မကြောက်တရားနဲ့
အတ္တသမားတွေကို ရင်ဆိုင်တဲ့ပွဲ
ကျွန်တော်တို့နွှဲဦးမယ် အမေ
အမေ့ မေတ္တာ ကျွန်တော်တို့ရပါစေ
ကျွန်တော်တို့ မေတ္တာ အမေရပါစေ
အမှန်တရားကသာ အောင်ပါစေ…
.
အေးချမ်း (သံလွင်)
#SpringRevolution
#PVTV
Like – 11K Share – 1630