အပြစ်မဲ့ပြည်သူတွေအတွက် နိုင်ငံတကာရဲ့ အကာအကွယ်စောင့်ရှောက်မှု အမြန်ဆုံး ရရှိဖို့နဲ့ Safe Zone တွေ အမြန်ဆုံးစီစဉ်ပေးကြဖို့ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) အတွင်းရေးမှူးတောင်းဆို
ဇန်နဝါရီ ၈၊ ၂၀၂၁
လူဦးရေ (၉)သောင်းနီးပါးနေထိုင်တဲ့ လွိုင်ကော်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခတ်လျက်ရှိတဲ့အတွက် ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ဒီနေ့ ကျွန်တော်တို့ ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မြို့ပေါ်က အရပ်သားပြည်သူတွေနေတဲ့ ရပ်ကွက်တွေအပေါ်မှာ စစ်ကောင်စီတပ်က လေယာဉ်တွေသုံးပြီး လာရောက်တိုက်ခိုက်နေတာ ကြောင့်…အပြစ်မဲ့အရပ်သား ပြည်သူတွေ ထိတ်လန့်တုန်လှုပ်စွာ ပုန်းအောင်း တိမ်းရှောင်နေကြရပါတယ်။ ကရင်နီပြည်မှာ လူဦးရေ ၃၀၀,၀၀၀ ဝန်းကျင်ရှိပြီး လွိုင်ကော်မြို့ဟာ အရပ်သားပြည်သူ ၉၀,၀၀၀ ကျော် နေထိုင်နေတဲ့ ပြည်နယ်မြို့တော် ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ လူသားမဆန်တဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေဟာ အခုဆိုရင် လွိုင်ကော်မြို့ပေါ်အထိ ရောက်ရှိလာပါပြီ။ ဒီနေ့ညနေအထိရရှိတဲ့ တပြည်နယ်လုံးအတိုင်းအတာနဲ့ စုစုပေါင်း အချက်အလက်တွေအရ အပြစ်မဲ့တဲ့ အရပ်သား စစ်ရှောင်ပြည်သူ၁၇၀,၀၀၀ ပတ်ဝန်းကျင်လောက် ရှိနေပြီး ဆေးဝါး၊ စားနပ်ရိက္ခာ နဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်လျက် ရှိနေပါတယ်။ ဒီနေ့လိုသာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်လက် ဖြစ်နေမယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေ များစွာ ထိခိုက်ဒဏ်ရာရပြီး၊ အသက်ဆုံးရှုံးမှုတွေလည်း မြင့်တက်လာနိုင်ပါတယ်။
အဲဒီအချက်တွေကို အမြန်ဆုံး တားဆီးနိုင်ဖို့အတွက် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ အတွင်းရေးမှုးနဲ့ ဘဏ္ဍာရေးမှူး တစ်ဦးအနေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် နိုင်ငံတကာရဲ့ အကာအကွယ်စောင့်ရှောက်မှု အမြန်ဆုံး ရရှိဖို့ တောင်းဆိုပါတယ်။ Safe Zone တွေ အမြန်ဆုံးစီစဉ်ပေးကြဖို့ တောင်းဆိုပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ အမြန်ဆုံး ကူညီပေးကြဖို့ နိုင်ငံတကာကို အလေးအနက်ထား တောင်းဆိုချင်ပါတယ်။” လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) အတွင်းရေးမှူး နဲ့ ဘဏ္ဍာရေးမှူးဖြစ်သူ မေရီအက်စတာက PVTV ကိုပြောပါတယ်။
#SpringRevolution
#PVTV
#PVTVNews