အင်တာနက် ဖြတ်တောက်မှု စတင်ခဲ့ပြီးနောက် မင်းဆွေနှစ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ပြီး ရွာသားတွေကို သတ်ဖြတ်နေ
မတ် ၄ ၊ ၂၀၂၂
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို မနေ့ညက အင်တာနက်ဖြတ်တောက်မှု စတင်ခဲ့ပြီးနောက် ဒီမနက်မှပဲ အကြမ်းဖက်စစ်တပ်က ရွာတွေထဲဝင်ပြီးတော့ မီးရှို့သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပါတယ်။
ဒီမနက်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ကျေးရွာမှာ ရွာကင်းစောင့်နေတဲ့ ရွာသား ၈ ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်မှုတွေလုပ်ခဲ့ပါတယ်။
ဒေသခံသတင်းရင်းမြစ်တွေကတော့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၈ ခုတွေ့ထားပြီး သားအမိနှစ်ဦး ပျောက်ဆုံးနေတယ်လို့ PVTV ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီ၊ ပုလဲနဲ့ အခြားဒေသအချို့မှာ အင်တာနက်ဖြတ်တောက်ခံထားရတာ ၆ လကျော်နေပြီဖြစ်သလို အဲဒီဒေသတွေက စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးကတော့ “မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘိုကလွဲရင် ကျန်တဲ့နေရာတွေအကုန်အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာ။ ၄ မြို့နယ်ကလွဲလို့ စစ်ကိုင်းတိုင်းတစ်ခုလုံး” လို့ ပြောပါတယ်။
PVTV က ရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် မနေ့က အင်တာနက်ဖြတ်တောက်လိုက်တဲ့ မြို့နယ်ပေါင်း ၂၃ ရွာအထိ ရှိထားပါတယ်။
အဲဒါတွေကတော့ ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းဘူ၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ ကုလားဝ၊ တမူး၊ မော်လိုက်၊ အင်းတော်၊ ဟုန်းမလင်း၊ ကျွန်းလှ၊ ပေါင်းဗြင်၊ ခန်းတီးနဲ့ လဟဲမြို့နယ်တို့ပါ။
အင်တာနက်ဖြတ်တောက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှု တွေပြုလုပ်တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ဆိုပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။