အကြမ်းဖက်စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ရှေ့ဆော့ကစားနေတဲ့ ကလေးငယ်တစ်ဦး ကျည်ထိမှန်ဆုံးပါး
၇ ဒီဇင်ဘာလ ၂၀၂၁
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေရဲ့နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာမှာ နေအိမ်ရှေ့မှာ ဆော့ကစားနေတဲ့ ကလေးငယ်တစ်ဦး ကျည်ဆံထိမှန်ပြီး ဆုံးပါးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီဇင်ဘာလ ၆ရက်နေ့ ည ၈နာရီခန့်မှာ အောင်သာယာရပ်ကွက်ရုံးအနီး အသံဗုံးတစ်လုံးပေါက်ကွဲအပြီးမှာ စစ်အုပ်စုက နေအိမ်တွေကို ချိန်ရွယ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အဲ့ဖက်လူတွေ ပြောတယ် အိမ်တွေကို တမင်ပစ်တာတဲ့၊ အိမ်ရှေ့မှာ ဆော့နေတဲ့ကလေးလေးခေါင်းကို ကျည်မှန်ပြီး ဆုံးသွားတယ်တဲ့၊ ကလေးမိဘတွေနာမည်တော့ မသိသေးဘူး၊ ပြီးတော့ အဲ့ကောင်တွေကဆဲဆိုပြီး ပြောသွားတယ်တဲ့ ဒီမိုကရေစီလိုချင်ရင် စစ်တပ်အုပ်ချုပ်မှုအောက်မှာနေဆိုပြီး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။အခုလို လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုဟာ စစ်ရာဇဝတ်ကျူးလွန်တာဖြစ်ပြီး လူစိတ်မရှိသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပြောကြားမှုတွေ ရှိနေပါတယ်။ အာဏာသိမ်းပြီးချိန်ကနေ ယခုအချိန် အထိ အကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ အသက် (၁၈) နှစ်အောက်ကလေးငယ် (၈၀) ကျော်သွားပြီဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးဦးရေကလဲ ၂၄၃ ဦးရှိပြီလို့ သိရပါတယ်။
Photo Credit :
#SpringRevolution
#PVTV
#PVTVNews