အကြမ်းဖက်စစ်အုပ်စုက ယင်းမာပင်မြို့နယ် မူကြိုကလေးငယ် ၈၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့အပေါ် NUG ပြစ်တင်ရှုတ်ချ

အကြမ်းဖက်စစ်အုပ်စုက ယင်းမာပင်မြို့နယ် မူကြိုကလေးငယ် ၈၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့အပေါ် NUG ပြစ်တင်ရှုတ်ချ

၂၇ ဖေဖော်ဝါရီ ၂၀၂၂

အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်က စတင်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ နယ်၊ ချင်းပုံးရွာနဲ့ နီးစပ်ရာ ကျေးရွာတွေကို စစ်ရေးနဲ့ အရပ်ဘက် ပစ်မှတ်တွေကို မခွဲခြားပဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက ဒိီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ကျေးရွာ​တွေထဲကို စီးနင်းခဲ့ချိန်မှာ ချင်းပုံးရွာရှိ မူကြိုကျောင်းက အသက်ငါး နှစ်အောက် ကလေးငယ် ၈၀ ဦးနဲ့ ကွန်ပြူတာ သုံးစွဲမှုသင်ကြားနေတဲ့ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေ ပညာသင်ကြားနေချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဝင်ရောက်လာတဲ့အတွက် ဆရာ၊ ဆရာမတွေက ကလေးငယ်တွေကို နီးစပ်ရာ ဘုန်းကြီးကျောင်းဝင်းရှိ မြေအောက်ခန်းထဲကို ရွှေ့ပြောင်းခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေက ညနေပိုင်းမှာ အဲဒီ ကလေးငယ်တွေကို မြေအောက်ခန်းက ထုတ်ဖမ်းဆီးခဲ့တယ်လို့ ထုတ်​ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ဖမ်းဆီးခံရမှုမှာ ပါဝင်တဲ့ ကလေးငယ်​တွေကို မူ​ကြိုကျောင်းကနေ သွားရောက်ခေါ်ယူဖို့ ​ကြိုးစားခဲ့တဲ့ မိဘအချို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရွာသားတွေပြန်မလာရင် ရွာကို မီးရှို့ပစ်မယ်လို့ဖြစ်လော်စပီကာကနေ တဆင့် ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ အနေနဲ့ အခုလိုဖမ်းဆီးမှုမှာ ကလေးတွေကို ဓားစားခံအဖြစ် ဖမ်းဆီးထားမှုဖြစ်တယ်လို့ ယူဆတယ်လို့NUGက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ကလေးတွေ ဆရာဆရာမ​တွေနဲ့ မိဘတွေအပေါ် တစ်စုံတစ်ရာ ထိခိုက်မှာကို အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ NUGထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို လုပ်ရပ်က ပဋိပက္ခကာလ အတွင်း ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုဖြစ်တဲ့အတွက် အပြင်းအထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကလေးသူငယ်တွေ ဆရာဆရာမတွေနဲ့မိဘ​တွေကို ထပ်မံပြီး ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုမပြုပဲ ချက်ချင်းလွှတ်ပေးရမယ်လို့ NUGက ထုတ်ပြန်ပါတယ်။

ကလေးသူငယ်တွေ ဆရာဆရာမတွေနဲ့ မိဘတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ပြန်လည်ကုစားနိုင်ရေးအတွက် ရနိုင်သမျှ နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနကကြိုးပမ်းမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း နိုင်ငံတကာအဖွဲ့အစည်း​တွေအနေနဲ့လဲ က​လေးငယ်တွေ လွတ်မြောက်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကုစားရေးအတွက် ပံ့ပိုးကူညီပေးကြပါဖို့ NUGက မေတ္တာရပ်ခံတာ တွေ့ရပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.