အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီတင်သွင်း ပံ့ပိုးနေတဲ့ လုပ်ငန်း ၃ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်၊ အခြားသော ကုမ္ပဏီတွေကိုလည်း စုံစမ်းပြီး ဆက်လက်ထုတ်ပြန်မည်ဟုဆို
ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၂
အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီတင်သွင်းပံ့ပိုးနေတဲ့ လုပ်ငန်း ၃ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနဲ့ ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ကြေညာခံရတဲ့ ကုမ္ပဏီတွေက Yangon Aerodrome Company Ltd (Subsidiary of Asia World Group)၊ Asia Sun Energy (PUMA Energy ကုမ္ပဏီ၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ)နဲ့ Myat Myittar Mon Group of Companies (မြတ်မေတ္တာမွန် ကုမ္ပဏီအုပ်စု) တို့ပါ။
ဒီကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကားတာ၊ သိုလှောင်ဖြန့်ဖြူးရောင်းချတာ၊ Business to Business ချိတ်ဆက် ဆောင် ရွက်တာ၊ ငွေပေးငွေယူပြုလုပ်တာ တွေကို လုံးဝမလုပ်ကြဖို့နဲ့ လုပ်ခဲ့မယ်ဆိုရင် အဲဒီလုပ်ရပ်တွေကို လည်း အကြမ်းဖက်မှုစစ်ရာဇဝတ်မှုကျူးလွန်ဖို့ ထောက်ခံအားပေးတဲ့ လုပ်ရပ်တွေအဖြစ် သတ်မှတ်တယ်လို့ ဖော်ပြထား တာတွေ့ရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီ တင်သွင်း ပံ့ပိုးနေတဲ့ လုပ်ငန်းများဆိုင်ရာအချက်အလက်တွေကို စီးပွား ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက စစ်ဆေးစုံစမ်း အတည်ပြုထားတဲ့ ကုမ္ပဏီတွေဖြစ်ပြီး စုံစမ်းစစ်ဆေးဆဲ ကုမ္ပဏီတွေရှိထားပြီး ဆက်လက်ထုတ်ပြန်ဦးမယ်လို့ ဆိုထားပါတယ်။
စီးပွားရေးနဲ့ ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်တဲ့ ကြေ ညာချက် (၂/၂၀၂၂)မှာမြန်မာနိုင်ငံရဲ့ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ပုန်ကန်မှုနဲ့စစ်ရာဇဝတ်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်လျှက်ရှိရာ၊ ရဟတ်ယာဉ်တွေအသုံးပြုပြီး မြေပြင်ပေါ်မှ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း စတာတွေကို ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ရာဇဝတ်မှုတွေက လေကြောင်းစစ်ပွဲဆိုင်ရာ The Hague Rules of Air warfare ၏ ARTICLE XXII မှာ ဖော်ပြထားတဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရေးလက္ခဏာ (military character) မဟုတ်ကြောင်း တားမြစ်ချက်အပါအဝင် နိုင်ငံတကာ စစ်ဥပဒေတွေ၊ Law of Armed Conflicts ဆိုင်ရာ Proportionality Principle တွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်တာလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက လေကြောင်းအသုံးပြုပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့ စီးပွားရေး လုပ်ငန်းရှင်တွေ ဆီက လေယာဉ်ဆီ တင်သွင်းကာ ကူညီပါဝင်လုပ်ဆောင်လျက်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက စိစစ်တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းတွေက စစ်ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အားပေးကူညီနေတဲ့ လုပ်ငန်းတွေဖြစ်ကြောင်း ထင်ရှားလို့ အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုအားပေးတဲ့ စီးပွားရေး လုပ်ငန်းတွေအဖြစ် အမည်ပျက်စာရင်းသွင်းတယ်လို့ ကြေညာချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။