အကြမ်းဖက်စစ်တပ် ကျဆုံးချိန်နီးကပ်လာလို့ တော်လှန်ရေးကို နည်းပေါင်းစုံနဲ့ အားစိုက်လုပ်ဆောင်ရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
ဖေဖော်ဝါရီ ၇ ၊ ၂၀၂၂
အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ ကျဆုံးခန်းဟာ တဖြည်းဖြည်းနီးကပ်လာတဲ့ အချိန်မှာ ရန်သူကို အထင်မသေးဘဲ တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အားစိုက်လုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ဂန့်ဂေါ) အခြေခံစစ်ပညာ သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၆ရက်က ကျင်းပခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က သဝဏ်လွှာပေးပို့ပြီး ပြောလိုက်တာပါ။
“စစ်တပ်ရဲ့အခက်အခဲဟာ ငါတို့ရဲ့ အခွင့်အလမ်းပဲဖြစ်တယ်။ရန်သူကို အထင်မသေးဘဲ သူတို့အခက်အခဲ ကြုံခိုက်မှာ တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်တယ်” လို့ ဦးရည်မွန်က ပြောပါတယ်။
ပြည်သူကို မျက်နှာမမူတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဟာ ပြည်သူ့အားကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
“ရန်သူကနေ မိတ်ဆွေအဖြစ် ဘက်ပြောင်းခိုလှုံလာသူတွေကို နွေးထွေးစွာ ကြိုဆိုရမှာဖြစ်သလို ရန်သူစစ်စစ်တွေကိုလည်း ထိထိရောက်ရောက် ခုခံတော်လှန်ရမှာဖြစ်တယ်။ ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်စေရုံသာမက ရန်သူ့အားနည်းချက်ကိုယ့်အားသာချက်ဖြစ်အောင်ပါ ထိချက်မိမိ ခုခံတိုက်ခိုက်ရင်းနဲ့ ၂၀၂၂မှာ အောင်လံကို လွှင့်ထူကြပါစို့” လို့ ဦးရည်မွန်က ပြောပါတယ်။
တိုက်ပွဲဖော်ဆောင်ရေးမှာ အဆင့်ဆင့် ကွပ်ကဲမှု အမိန့်နာခံမှု အလွန်အရေးပါတာဖြစ်သလို အမိန့်နာခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းမှ သာ တိုက်ပွဲမှာ အထိအခိုက်နည်းနည်းနဲ့ အောင်မြင်မှုရနိုင်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
“တော်လှန်ရေးကာလ အချိန်တစ်ခုရောက်လာချိန်တိုင်းမှာ ဖြစ်တက်တဲ့ စိတ်ပျက်ခြင်း၊ အားမလို အားမရဖြစ်ခြင်း နဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလည်း ဉာဏ်ပညာအမျှော်အမြင်ရှိရှိနဲ့ ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ် ပြုတ်ကို ပြုတ်ကျရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖြတ်ကျော်ကြဖို့ အသိပေးလိုတယ်” ဟုလည်း ဝန်ကြီးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကတော့ လက်ရှိ ၂၀၂၂ ခုနှစ်အတွင်းမှာ တော်လှန်ရေးအောင်မြင်မှုတွေ တွေ့ရမယ်လို့ သတင်းမီဒီယာတွေကို ပြောကြားထားသူလည်း ဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။