အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအင်အားက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၇ သောင်းကျော်သာ ကျန်ရှိတော့တယ်လို့ ပဲခူးတိုင်းအတွင်းက အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူ တစ်ဦးက ပြောကြား
ဇန်နဝါရီလ ၂၄၊ ၂၀၂၃
အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအင်အားက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၇ သောင်းကျော်သာ ကျန်ရှိတော့တယ်လို့ ပဲခူးတိုင်းအတွင်းက အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူ တစ်ဦးက PVTV ကို ဆက်သွယ်သတင်းပေး ပြောကြားလာပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကြည်း၊ရေ၊လေ ဆိုပြီး တပ်ဖွဲ့ကြီး ၃ ခုနဲ့ ဖွဲ့စည်းထားပြီး အင်အား ၄ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းရေးသားနေကြတာတွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့စစ်သည်အင်အားစာရင်းကို အတိအကျထုတ်ပြန်ထားတာမျိုးမတွေ့ရပေမယ့် စစ်ဘက်ရေးရာလေ့လာသူတွေအဆိုအရ အရှေ့တောင်အာရှမှာ ဗီယက်နမ်တပ်မတော် ပြီးလျှင် စစ်သည်အင်အား ဒုတိယအများဆုံးဖြစ်တယ်ဆိုပြီး ပြောဆိုရေသားတာတွေ တွေ့ရပါတယ်။
ဒါပေမယ့် တကယ့်မြေပြင်အခြေအနေမှာ အကြမ်းဖက်စစ်တပ်အင်အားဟာ မူလကတည်းက ၄ သိန်းကျော်ရှိတယ်ဆိုတာ လုံးဝမဖြစ်နိုင်ကြောင်း၊နဂိုကတည်းက ၂ သိန်းတောင်မပြည့်ဘူးလို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူက အခုလိုပြောလာတာပါ။
“ဒီလိုဗျ နဂိုကတည်းက စစ်တပ်တကယ့်အင်အားက ၂ သိန်းမပြည့်ဘူးဗျ၊ စစ်တပ်က ရာထူးတိုးချင်ရင် စစ်သည်အင်အားစုဆောင်းပေးရတာမျိုးတွေရှိတယ်၊ အဆင့်ဆင့် ရာထူးတိုးချင်တော့ အင်အားလိမ်ပြကြတယ်၊ ဗိုလ်ချုပ်ကြီးဖြစ်ဖို့အတွက် သူ့လက်အောက်မှာ အနည်းဆုံး တပ်ရင်းတပ်မ အင်အားကဘယ်လောက်ရှိဖို့လိုမယ်ဆိုတာမျိုး ၊အဲလိုနဲ့ ဗိုလ်ချုပ်ကြီးတွေပေါလာတော့ ဗိုလ်ချုပ်မှုးကြီးရာထူးကလဲ လုပ်ချင်လာတယ် ဒါနဲ့တပ်ဖွဲ့စည်းပုံတွေကို ချဲ့ကားပြရတယ်၊ ဒါတောင် ဗိုလ်ချုပ်မှူးကြီးအဆင့်မှာ ဂိတ်ဆုံးသွားလို့၊ ကမ္ဘာပေါ်ကအကြီးဆုံး စစ်တပ်ကြီးတွေမှာတောင် ဗိုလ်ချုပ်ကြီး အဆင့်က အကြီးဆုံးဗျ၊ ဒီကြမှ လူဦးရေအင်အားလိမ်ရင်း ဗိုလ်ချုပ်ကြီးတွေအရမ်းပေါလာလို့ ဗိုလ်ချုပ်မှူးကြီးတွေဘာတွေဖြစ်လာတာ” လို့ အမည်မဖော်လိုတဲ့ အကြမ်းဖက် စစ်တပ်နဲ့နီးစပ်သူတစ်ဦးက PVTV ကိုပြောပါတယ်။
ဒါ့အပြင် နောက်ထပ် ပဲခူးတိုင်းအတွင်းကအကြမ်းဖက် စစ်တပ်နဲ့ နီးစပ်သူတစ်ဦးကလဲ PVTV ကိုအခုလိုထပ်ပြောပါတယ်။
“တနိုင်ငံလုံးမှာ စစ်တပ်အင်အားဟာ အများဆုံးရှိလှ ၇ သောင်းဝန်းကျင်ပဲ ကျန်မယ်၊ အခု အင်းမ ၆၆ တပ်မကြီးတွေမှာတောင် လူက ၁၅ ယောက်လောက်ပဲ အိုကြီးအိုမ နဲ့ ခြေပြတ်လက်ပြတ်တွေအစောင့်သဘောမျိုးသာထားတော့တာ၊ စစ်တိုက်နိုင်သူတွေက အကုန်ရှေ့တမ်းပို့ထားရတော့ ၊အခုဆို နောက်တမ်းကျန်တဲ့ ခြေပြတ်လက်ပြတ်တွေတောင် ရှေ့တမ်းထွက်သွားတဲ့ကောင်တွေရဲ့ မိန်းမတွေနဲ့ ဖောက်ပြန်နေကြတာ မြင်မကောင်းဘူး၊ ထွက်ချင်တဲ့သူတွေကလဲအများကြီးရှိသေးတယ်၊ မင်းလှ စိန်ကန့်လန့်က တပ်ရင်းတစ်ခုဆို တစ်တပ်လုံးပြုတ်သွားတာမျိုးတွေရှိနေတယ်၊ အင်အားလိမ်ပြတော့ တပ်ရင်းမှူးတွေကအစ အဆင့်ဆင့် ပိုတဲ့လစာတွေ၊ရိက္ခာတွေကို ခွဲတမ်းနဲ့ရကြတယ်၊ တပ်မ ၆၆ လက်အောက်ခံ ပေါက်တောတပ်ဆို လူအင်အားတကယ်မရှိတော့လို့ စစ်သားမိန်းမတွေ သေနတ်ပစ်သင်ပေးပြီး အနည်းဆုံး သေနတ်ကိုင် လုံခြုံရေးချထားရတဲ့အခြေအနေတွေ တွေ့နေရတယ်၊ ကစလတို့ ကပစ တို့ကလူတွေဆို သူတို့ကိုစစ်ခေါ်တိုက်ခိုင်းတာတို့၊ လုံခြုံရေးထားဖို့ခေါ်တာတို့တွေလုပ်နေကြလို့ မကျေမနပ်တွေပြောနေသံလဲကြားတယ်” လို့ PVTV ကိုပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်တိုက်ပွဲတွေမှာ ယခုလိုအင်အားအလွန်ချိနဲ့နေတာကြောင့် လေကြောင်းကိုအားပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်နိုင်ကြောင်းကိုလဲ စစ်ရေး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။