အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့သတ်ခံရသူ ပြည်သူတွေထဲမှာ Save the Children ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့သတ်ခံရသူ ပြည်သူတွေထဲမှာ Save the Children ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့
ဒီဇင်ဘာ ၂၈၊ ၂၀၂၁

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ထဲမှာ သူတို့ရဲ့ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ Save the Children ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Save the Children ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သူတို့ဝန်ထမ်းနှစ်ဦးက ကလေးသူငယ်တွေရဲ့ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုဆိုင် ရာလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့သူတွေဖြစ်ပြီးတော့ အသက် ၃၂ နှစ်အရွယ် ဝန်ထမ်တစ်ဦးက ၁၀ လသား အရွယ် သားယောက်ကျားလေးရဲ့ ဖခင်ဖြစ်တယ်လို့ ဆိုထားပြီး Save the Children နဲ့ လက်တွဲဆောင်ရွက်နေတာ ၂ နှစ်ခန့်ရှိပြီလို့ ဖော်ပြ ထားပါတယ်။ နောက်ထပ်ဝန်ထမ်းတစ်ဦးကတော့ အသက် ၂၈ နှစ်အရွယ်ဖြစ်ပြီးတော့ ၃ လသားအရွယ် သမီးငယ်လေးရဲ့ ဖခင်ဖြစ်ကာ Save the Children နဲ့ လက်တွဲဆောင်ရွက်နေတာ ၆ နှစ်ခန့်ရှိပြီလို့ ဖော်ပြထားပါတယ်။

“ဤသတင်းသည် အင်မတန်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်သည်။ အပြစ်မဲ့ ပြည်သူများနှင့် အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဝန်ထမ်းများအပေါ် အကြမ်းဖက်မှု ကျူးလွန် ခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်မဟုတ်ပါ။ ယခုကဲ့သို့ ကျိုးကြောင်းဆင်ခြင်မဲ့ တိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက် ကျူးလွန်မှု အပေါ် လွန်စွာမှ ထိတ်လန့်တုန်လှုပ်မိသည်။” လို့ Save the Children ရဲ့ အမှုဆောင်ချုပ် (Chief Executive) ဖြစ်တဲ့ Inger Ashing က ပြောပါတယ်။

ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို Save the Children အနေနဲ့ လုပ်ဆောင်နေပြီးတော့ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို ဖြစ်နိုင်သမျှနည်းလမ်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အခုလို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်မှုက အခုတကြိမ်တည်းဖြစ်ပွားချင်းမျိုးမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ ဒါအပြင် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ မြန်မာပြည်သူတွေ အကြမ်းဖက်ခံနေရတာတွေကိုလည်း ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကော်စီအနေနဲ့လည်း ကျူးလွန်တဲ့သူတွေကို အရေးယူဖို့အတွက် အမြန်ဆုံးလုပ်ဆောင်ရမယ်လို့ ထောက် ပြထားပါတယ်။

ဒါအပြင် အာဆီယံအနေနဲ့လည်း ဧပြီလကတည်းက သဘောတူထားတဲ့ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ နဲ့ အာဆီယံအထူးသံတမန်အနေနဲ့ သံတမန်ရေးရာနည်းတွေနဲ့ ကြားဝင်ဖြေရှင်ပေးဖို့ သဘောတူညီချက် ငါးချက်ကို ပြန်လည် သုံးသပ်အရေးဖို့ အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပပေးဖို့လည်း ဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာလ ၂၄ရက်နေ့)က အကြမ်းဖက်စစ်တပ်ကနေပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၅ ဦးထက်မနည်းကို မီးရှို့သတ်ဖြတ်ခဲ့တဲ့အပေါ်မှာ တကမ္ဘာလုံးထိန့်လန်တုန်လှုပ်ခဲ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.