အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေမှုကြောင့် KNU နယ်မြေထဲက ကျေးရွာ ၆ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ
ဖေဖော်ဝါရီ ၆ ၊ ၂၀၂၃
အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေမှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်ရဲ့ ကျေးရွာ ၆ ရွာထဲက ပြည်သူ ၅၆၆၆ ဦး အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ KNU ရဲ့ ခလယ်လွီထူခရိုင် တပ်မဟာ (၃)မှာ တပ်စွဲထားတဲ့ အကြမ်း ဖက် စစ်တပ်ရဲ့ ခမရ-၃၅၁ နဲ့ ခလရ-၆၀ က ဖေဖော်ဝါရီလ(၄)ရက် နံနက်(၅)နာရီအချိန်မှာ အင်အား(၆၀) ခန့်နဲ့ ကေအဲန်ယူ-မူးမြို့နယ် မြင်သာယာကျေးရွာတွင်းကို စတင်ဝင်ရောက်ပြီး ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအကြမ်းဖက်စစ်တပ်က ကျေးရွာတွင်းကို ဝင်ရောက်တဲ့အချိန်မှာ မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာနဲ့ ညောင်ပင်ဆိမ်ကျေးရွာမှ လူဦးရေစုစုပေါင်း (၂၄၃၁) ဦးရှိတဲ့ ကျေးရွာပြည်သူလူထုများ ထိတ်လန့်ကြောက်ရွံ့တာကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာပြီး အနီးအနားမှာရှိတဲ့ ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။
ယခုလိုကျေးရွာတွင်းကို ဝင်ရောက်တာက ကျေးရွာအတွင်းကို ဝင်ရောက်ပစ်ခတ်ရန်အတွက် ဖြစ်တယ်လို့ နယ်မြေသတင်းပို့ကြားချက်အရ သိရတယ်ဆိုတာနဲ့ ကျေးရွာတွင်းသို့ ဝင်ရောက်စဉ် မြင်သာယာကျေးရွာမှ ကျေးရွာပြည်သူလူထုများရဲ့ ဆိုင်ကယ် (၅) စီးနဲ့ ဆန် (၁၀) အိတ်ကို သိမ်းယူသွားပြီး ၎င်းတို့တပ်စွဲထားတဲ့ ဝဲကြီးဘုန်းကြီးကျောင်းကို ယူဆောင်သွားတယ်လို့ ဖော်ပြ ထားပါတယ်။
အကြမ်းဖက်စစ်တပ်က ကျေးရွာတွင်း တပ်စွဲထားပြီး ကျေးရွာပြည်သူလူထုများ ရွာလုံးကျွတ် ထွက်ပြေးပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်မဟာ (၃) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့များကြား ညနေ(၆:၃၀)မှ (၇း၀၀)နာရီကျော် အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး (၁၅) လုံး ပစ်ခတ်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တောင်းမြစ် အနောက်ဘက်ကမ်း ရှိ ဇီးခုံကျေးရွာမှာလည်း ကျရောက်ပေါက်ကွဲတာကြောင့် ဇီးခုံကျေးရွာရှိ အရပ်သားနှစ်ဦးကို လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး နီးစပ်ရာဆေးရုံသို့ သွားရောက်ကုသခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ အသက် (၄၀) နှစ်ရှိ မဇင်မာဝင်းနဲ့ အသက် (၁၅) နှစ်ရှိ မရတနာဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ (၃၁) ရက် နံနက် ၈ နာရီကျော်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၆၀ က လပတ်ကျေးရွာမှနေပြီး ကျေးရွာတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် မရမ်းစိမ်လေးကျေးရွာတွင်းကို ကျရောက်ပေါက်ကွဲပြီး ကျေးရွာပြည်သူလူထု (၃) ဦးမှာ ကျည်စထိမှန် ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူလူထုမွေးထားသော ဝက်တစ်ကောင်လည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် (၁၃) နှစ်ရှိ နော်မူမူနဲ့ အသက် (၅) နှစ်ရှိ နော်ဖောညီအမနှစ်ဦးနဲ့ အသက် (၆၅) နှစ်ရှိ နော်လယ်ဝါးဖြစ်ပြီး ၎င်းတို့ကို လယ်ဒိုမြို့ရှိ ဆေးရုံသို့ သွားရောက်ကုသခဲ့ကြ ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကြောင့် လပတ်ကျေးရွာနဲ့ မရမ်းစိမ်လေး ကျေးရွာရှိ လူဦးရေ (၁၉၀၈) ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ ညနေ (၂) နာရီခွဲအချိန်မှာ ခလရ-၆၀မှ ကျေးရွာပြည်သူလူထုရဲ့ တဲ (၈)လုံးနဲ့ နေအိမ်သုံးလုံးကို မီးရှို့ဖျက်စီးခဲ့ ပါတယ်။
အဲဒါကြောင့် ၂၀၂၃ခုနှစ်မှာ ကေအဲန်ယူ−ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ နောက်ထပ်ကျေးရွာ(၆)ရွာ များဖြစ်တဲ့ မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ ဗမာမျက်ရဲကျေးရွာ၊ လပတ်ကျေးရွာနဲ့ မရမ်းစိမ်လေးကျေးရွာမှာရှိတဲ့ လူဦးရေ (၅၆၆၆) ဦး ရွာလုံးကျွတ် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ခဲ့ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။