အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားအားလုံးနဲ့အတူ တသားတည်ရှိနေတယ်ဆိုတာကို ဂျပန်ရောက်မြန်မာတွေပြသ

အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားအားလုံးနဲ့အတူ တသားတည်ရှိနေတယ်ဆိုတာကို ဂျပန်ရောက်မြန်မာတွေပြသ
ဒီဇင်ဘာ ၂၆၊ ၂၀၂၁

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့ပြီးတော့ ဂျပန်ရောက်မြန်မာတွေက ပြည်တွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်နေရတဲ့ တိုင်ရင်းသားတွေ အားလုံးနဲ့ တသားတည်းရှိနေတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဆန္ဒပြဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။

“စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေကို No Fly Zone သတ်မှတ်ပေးဖို့တောင်းဆိုပါတယ်။ ကမ္ဘာကြီးက ကြည့်မနေ ပါနဲ့။ ကမ္ဘာကြီးက ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ပြီး တာဝန်မရှိသလို ကြည့်နေတာကြောင့် အခုလို အခြေအနေ ဆိုးရွားလာတာဖြစ်ပါတယ်”လို့ တိုကျိုမြို့ ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မကျူးလွန် သတ်ဖြတ်မှုတွေကို အရေးယူဖို့ နှောင့်နေးနေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကုလသမဂ္ဂတို့ကိုလည်း တာဝန်မဲ့ပျက်ကွက်သူတွေဆိုပြီး ဝေဖန်ထောက်ပြထားကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေးဦးတော်လှန်ရေးကို ဂျပန်နိုင်ငံမြို့တော် တိုကျို၊ ကိုဘေးနဲ့ ဆာဂအစရှိတဲ့ မြို့၃ခုမှာ ဒီနေ့ပြုလုပ်ခဲ့ကြတာပါ။ မြန်မာတွေအပြင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ ပြည်ထောင်စုဖွားမြန်မာနိုင်ငံသားတွေအားလုံးဟာ ပြည်တွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ တသားတည်း ရှိနေတယ်။ ရပ်တည်ချက်အတူတူနဲ့ တိုက်ပွဲဝင်နေတယ်ဆိုတာကို အားလုံးသိစေချင်ပါတယ်။ အဲဒါကြောင့် လစဉ်လစဉ်၊ အပတ်စဉ် အပတ်စဉ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး သွေးမအေးဘူးဆိုတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာက သိအောင် ပိုမို ကြိုးစားပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး အားတင်းပေးထားကြပါ” လို့ ဆန္ဒပြသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဆန္ဒပြပွဲကို လူ ၄၀၀ ခန့်လောက်အထိ ပူးပေါင်းပါဝင်ခဲ့ပြီး လူစည်ကားရာနေရာတွေမှာ ‘No Fly Zone’ သတ်မှတ်ပေးရေး၊ ‘အိမ်စောင့်အစိုးရ စစ်ကောင်စီအလိုမရှိ’၊ ‘ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ’ စတဲ့ ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

ဒါအပြင် ဂျပန်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရေး၊ ဂျပန်အစိုးရက ထောက်ပံ့တဲ့ အကူအညီတွေကို အကြမ်းဖက်စစ်ကောင်စီထံကို မရောက်ရှိရေး အချက်တွေပါ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းတာ၊ လုံခြုံရေးယူပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews

ဓာတ်ပုံ – GMSR Tokyo





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.