အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို မီးရှို့သတ်ဖြတ်မှုအပေါ် အရေးယူပေးဖို့အတွက် ကုလလုံခြုံရေးကောင်စီသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာပေးပို့

အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို မီးရှို့သတ်ဖြတ်မှုအပေါ် အရေးယူပေးဖို့အတွက် ကုလလုံခြုံရေးကောင်စီသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာပေးပို့
ဒီဇင်ဘာ ၂၈၊ ၂၀၂၁

ကယားပြည်နယ်။ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့မှုအပေါ်မှာ အရေးယူပေးဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကုလအမြဲတမ်းကိုယ်စားလှယ် ဦး ကျော်မိုးထွန်းက စာရေးသားပေးပို့လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာနဲ့ စပ်လျဉ်းပြီး ကုလသမဂ္ဂအနေနဲ့ လွတ်လပ်ပြီးဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းဖို့အတွက် အထူးပင် အရေးတကြီးလိုအပ်နေတယ်ဆိုတာနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နှောင့်နှေးမှုမရှိဘဲ အမြန်ဆုံးကယ်တင်ပေးစေလိုပါကြောင်း ဦးကျော်မိုးထွန်းက စာရေးသား ပေးပို့ တောင်းဆိုခဲ့တာပါ။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ ဦး ဆောင်တဲ့ တပ်က တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ၃၅ ဦးကျော်ကို အရှင်လတ် လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေ အားလုံးက မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ အထူးစိုးရိမ်နေတဲ့အပေါ် ထုတ်ပြန်ချက်အသီးသီးထုတ်ပြန်ထားကြပါတယ်။

ပြည်သူတွေကို မီးရှို့အသတ်ခံရတဲ့ ဖြစ်စဉ်အတွင်းမှာပဲ Save the Children ရဲ့ ဝန်ထမ်းနှစ်ဦးပါ ပျောက်ဆုံးနေတဲ့အတွက် Save the Children က မြန်မာပြည်အတွင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတချို့ကို ရပ်ဆိုင်းထားမယ်ဆိုတဲ့အကြောင်း သတင်းထုတ်ပြန် ထားတာ တွေ့ရပါတယ်။

ကုလလုံခြုံရေးကောင်စီထံကို ပေးပို့တဲ့ စာထဲမှာ ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုကြောင့်အရပ်သားတွေ သေဆုံးဒဏ်ရာရနေတာ၊ ကုလသမဂ္ဂ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် လုံခြုံစိတ်ချရမဲ့ နေရာတခု နယ်စပ်မှာ အမြန်ဆုံး လုပ်ပေးစေလိုတာ၊ မကွေးတိုင်း ဂန့်ဂေါ မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်တဲ့အတွက် နေအိမ်တွေ ထောင်နဲ့ ချီ ပြီးတော ပျက်ဆီးခဲ့သလို ဒေသခံပြည်သူတွေလည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့အချက်တွေကိုပါ ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.