အကြမ်းဖက်စစ်တပ်က ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်၊ အမျိုးသားညီညွတ်ရေးအစိုးရက ဓာတုလက်နက်အသုံးပြုမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေပြု လုပ်နေ
မတ် ၁၀ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်တပ်က ဓာတုလက် နက်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ် ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က ယင်းမာပင်မြို့နယ် လက်ပံတောရွာမှာ မတ်လ ၉ ရက်က ပြည်သူ ၁၂ ဦးကို ဝင်ရောက် သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီလိုပဲ ဒီနေ့မနက် ၉ နာရီလောက်မှာ ယင်းမာပင်မြို့နယ် သီးကုန်းရွာ ကနေ အိုးဘိုရွာဘက်ကို ဖြတ်ပြီးတော့ ပေါက်အင်းတောမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတွေကို ရှာဖွေနေပြီး အိုးဘိုရွာအနီးက တမာတန်း လမ်းဆုံမှာ ဇရပ်တစ်လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်း စုက သတင်းထုတ်ပြန်ပါတယ်။
“ဘယ်လိုအချိန်လဲဆိုတော့ ကျွန်တော်က သူတို့(စစ်ကောင်စီတပ်) နဲ့ထိပ်တိုက် တွေ့တဲ့နေရာမှာ သူတို့ကအကြီး(လက်နက်ကြီး)နဲ့ လှမ်းထုတဲ့အခါမှာ ကျွန်တော်တို့နဲ့ ပေ ၅၀ လောက်အကွာမှာ ၄၊ ၅လုံးလောက်ကျတာ။ ကျွန်တော်တို့ နောက်ကျော ပေ ၅၀၊ ၃၀ ပတ်ချာလည်လောက်မှာကျတယ်။ ကျတဲ့အခါ ဝပ်နေတဲ့အခါ လွတ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီကျတဲ့နေရာ ပတ်ဝန်းကျင်ကို ကျွန်တော်က မီးကျောင်းသွားတွားသွားပြီးတော့ အဲဒီကြားထဲက ဖြတ်ထွက်လာတဲ့အခါမှာ အဲဒီနေရာတင် အိပ်ချင်စိတ် ပေါက်တာ။ ဒါပေမဲ့ အိပ်ရင်တော့ မဖြစ်ဘူး ဒီနားပြုတ်မှာပဲ(အသတ်ခံရမှာပဲ)ဆိုပြီး အဲဒါ မျက်စိကို အတော့ကို ဖွင့်ယူရတယ်။ မျက်ရည်ကျတာ ဘာညာတော့ မရှိဘူး။” ဓာတုလက်နက်လို့ ယူဆရတဲ့ အရာကြောင့် ထူးဆန်းတဲ့ ဝေဒနာတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ PDF တစ်ဦးက လူထုနွေဦးနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
၎င်းကပဲ ဆက်ပြီးတော့ “အဲဒီလိုဖြစ်တာက ကျွန်တော်ကတော့ အနည်းဆုံး တစ်နာရီခွဲလောက်တော့ ကြာတယ်နော။ ကျွန်တော် ကတော့ လွတ်ရာကင်းရာကို သွားပြီးတော့ သီးသန့် အနားယူပြီး မျက်စိမှိတ်ထားပြီး အိပ်နေတာ။” လို့ ဆိုပါတယ်။
ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲတွေမှာ အလစ်အငိုက်ဖမ်းပြီး ဓာတုလက်နက်တွေ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဓာတုလက်နက်အသုံးပြုလိုက်တဲ့ အချိန်မှာ ပြည်သူတွေအနေနဲ့ မျက်လုံးမဖွင့်နိုင်ဘဲ အလင်းဒဏ်မခံနိုင်ကြဘူးလို့လည်း ဆိုထားပါတယ်။
အဲဒီလို ဓာတုလက်နက်အသုံးပြုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျပြုလုပ်နေပြီး တိကျသေချာတဲ့ သက်သေအထောက်အထားတွေ ရရှိနိုင်ဖို့ အတွက် မြေပြင်နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – မတ် ၉ ရက်တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေ
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။