အကြမ်းဖက်စစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရေးအပါအဝင် အရေးယူမှုတွေကို တိုးမြှင့်လုပ်ဆောင်မယ်လို့ အီးယူပြော
ဒီဇင်ဘာ ၃၀၊ ၂၀၂၁
အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို ရက်စက်အကြမ်းဖက်သတ်ဖြတ်မှုတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် လက်နက်ရောင်း ချမှု ပိတ်ပင်ရေးအပါအဝင် အရေးယူမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ မဟာမင်းကြီး ဂျိုးဆက်ဘော်ရဲလ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကြောင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် နိုင်ငံတကာ ကြိုတင်ကာကွယ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ အီးယူအနေနဲ့လည်း စစ်ကောင်စီ အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်ပြီးတော့ ချမှတ်ဖို့ အသင့်ရှိနေပါတယ်” လို့ အီးယူရဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ မဟာမင်းကြီး ဂျိုးဆက်ဘော်ရဲလ်က ပြောကြားလိုက်တာပါ။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးကတည်းက အီးယူအနေနဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ပစ်မှတ်ထားပြီးတော့ အရေးယူပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံကို ပေးအပ်မယ့် ငွေကြေးအကူအညီတွေ အားလုံးကိုလည်း ရပ်ဆိုင်းထားပြီး အကြမ်းဖက်စစ်ကောင်စီကို တရားဝင်ဖြစ်သွားစေမယ့် ကိစ္စရပ် အားလုံးနဲ့အကူအညီအားလုံး ကိုလည်း ရပ်တန့်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုတွေအရ စစ်ဘေးရှောင်ပြည်သူတွေ၊ တိုက်ပွဲတွေရဲ့ဒဏ်ကို ခံရတဲ့ ကျေး ရွာတွေနဲ့ ကိုဗစ် -၁၉ ရောဂါအတွက် ကူညီမှုတွေကို ပြုလုပ်ပေးထားပြီးတော့ ယင်းအတွက် ယူရိုဒေါ်လာ ၂၄ဒသမ၅သန်းအထိ ထောက်ပံ့ကူညီပေးထားတယ်လို့လည်း သိရပါတယ်။
အီးယူအနေနဲ့က ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းတန်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ကြိးစားလုပ်ဆောင်ချက်တွေ ကို ထောက်ခံပြီးတော့ အာဆီယံ မူ ၅ ချက်ကိုလည်း ထောက်ခံတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
“ကယားပြည်နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်ဟာ အမျိုးသမီးတွေနှင့် ကလေး သူငယ်တွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းနှစ်ဦးအပါအဝင် လူ ၃၅ ဦးထက်မနည်း သေဆုံး ခဲ့ပါတယ်။ ဒါဟာ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေအနေနဲ့ ချက်ချင်း တာဝန်ယူဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြနေပါတယ်”လို့ ဂျိုးဆက်ဘော်ရဲလ်က ပြောကြားထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်တပ်က ယခုရက်သတ္တပတ်အတွင်းမှာ ပြည်သူတွေကို အကြမ်းဖက်တဲ့လုပ်ရက်တွေ ပိုမိုပြင်းထန်စွာလုပ် လာခဲ့တာကို တွေ့ရပြီး အဲဒီလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့သူတွေကို ချက်ခြင်းတာဝန်ယူစေဖို့နဲ့ နိုင်ငံတကာအနေနဲ့ကလည်း အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews