အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ ချက်ချင်းပိတ်ပင်တဲ့ ပြဌာန်းချက် ချမှတ်ပေးဖို့ အိန္ဒိယအစိုးရကို Justice For Myanmar က တောင်းဆို

အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ ချက်ချင်းပိတ်ပင်တဲ့ ပြဌာန်းချက် ချမှတ်ပေးဖို့ အိန္ဒိယအစိုးရကို Justice For Myanmar က တောင်းဆို
ဇူလိုင် ၁၅ ၊ ၂၀၂၂

ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်လက်န က်ပစ္စည်းတွေ ရောင်းချနေတာကို ချက်ချင်းပိတ်ပင် တဲ့ ပြဌာန်းချက်တစ်ခုကို ချမှတ်ပေးဖို့ အိန္ဒိယ အစိုးရကို Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

Justice For Myanmar ရဲ့ ဖော်ပြချက်မှာတော့ အိန္ဒိယကုမ္ပဏီ Sandeep Metalcraft Private Limited က အကြမ်းဖက် မြန်မာစစ်တပ်ကို စနက်တံတွေ ထောက်ပံ့နေပြီး မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူ သားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ တိုက်ရိုက်ပံ့ပိုးကူညီနေတာလို့ ထောက်ပြထားပါတယ်။

‘စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ မြန်မာစစ်တပ်က အဓိက အသုံးပြုနေတဲ့ စစ်လက်နက်တွေရဲ့ အဓိကအစိတ်အပိုင်းတွေကို တင်ပို့ခွင့်ပြုထားတာကိုက အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ တရားမဲ့တိုက်ခိုက်မှုတွေကို အိန္ဒိယနိုင်ငံက တိုက်ရိုက်ပံ့ပိုးပေး နေတာ ဖြစ်ပါတယ်။’ လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Panjiva ကုန်သွယ်ရေးဒေတာဘေ့စ်မှ ကုန်သွယ်ရေးမှတ်တမ်းများအရ Sandeep Metalcraft ကုမ္ပဏီရဲ့ လတ်တလောနောက်ဆုံး ကုန်ပစ္စည်းတင်ပို့မှုမှာ ၂၀၂၂ မတ်လ ၂၅ ရက်မှာဖြစ်ပြီး စနက်တံ ၃၀၀၀ ပါဝင်တယ်လို့ ဆိုပါ တယ်။ အဲဒါမတိုင်ခင်ကကလည်း ၂၀၁၉ မှာ စနက်တံ ၅ ခု၊ ၂၀၂၀ မှာ စနက်တံ ၁၀၀၀ တင်ပို့မှုများရှိခဲ့ သည်ဟု JFM က ထုတ်ပြန်သည်။

ယင်းစနက်တံတွေကို မြန်မာပုဂ္ဂလိက စစ်လက်နက်တင်သွင်းသူ Creative Exploration Ltd ဆီကို ပေးပို့ခဲ့တာဖြစ်ပြီး အဆိုပါကုမ္ပဏီရဲ့ ယခင်အမည်မှာ mySpace International ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Creative Exploration ကုမ္ပဏီကို တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်း အရာရှိဟောင်း ဒေါက်တာကျော်ကျော်ထွန်းနဲ့ ၎င်းရဲ့ ဇနီး ဇာဖြူတင်စိုးတို့က ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဇာဖြူတင်စိုးက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ခဲ့သလို စစ်အရာရှိဟောင်းတစ်ဦးရဲ့ သမီးဖြစ်တယ်လို့လည်း JFM က ဖော်ပြထားပါတယ်။

ဒါအပြင် Sandeep Metalcraft ကုမ္ပဏီက မြန်မာစစ်တပ်ကို အထက်ပါစစ်လက်နက်များတင်ပို့မှုမှာ ဆွီဒင်နည်းပညာများပါဝင်ခြင်းရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးဖို့ JFM က တောင်းဆိုထားပါသေးတယ်။

“အိန္ဒိယက အကြမ်းဖက်စစ်ကောင်စီဆီ စစ်လက်နက်စီးဆင်းမှုကို ရပ်တန့်တဲ့အထိ အိန္ဒိယကို လောင်ချာနဲ့ စစ်လက်နက်တွေ တင်ပို့တာနဲ့ လိုင်စင်ပေးအပ်တာကို ချက်ချင်းရပ်ဆိုင်းထားပေးဖို့ ဆွီဒင်နိုင်ငံကို ကျွန်မတို့ တောင်းဆိုပါတယ်။” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

အင်အားကြီးလေးနိုင်ငံအဖွဲ့ QUAD အဖွဲ့ဝင်များဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်နဲ့ အမေရိကန် တို့အနေနဲ့လည်း မြန်မာစစ်တပ်ထံ အိန္ဒိယမှ စစ်လက်နက်တွေ စီးဆင်းတာကို ၎င်းတို့ရဲ့ လွှမ်းမိုးနိုင်စွမ်း ဩဇာကို အသုံးပြုပြီး ရပ်တန့်စေအောင်လုပ်ဆောင်ရမယ်လို့ Justice For Myanmar ကပြောထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.