အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားအဆင့်တွေကပါ လုပ်သက်ရင့် ရဲတွေအပေါ် စော်ကားနေတယ်လို့ ကန်ပက်လက် ရဲစခန်းက CDM ရဲတပ်သားဖွင့်ဟ
◾️လုပ်ဖော်ကိုင်ဖက်တွေကို CDM ပြုလုပ်ပြီး CDF တွေနဲ့ လက်တွဲဖို့ တိုက်တွန်း
အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်မှုပိုင်းက လက်အောက်ငယ်သားများအပေါ် ဖိနှိပ်လွန်းပြီး စစ်ကောင်စီ တပ်သားအဆင့်များကပါ လုပ်သက်ရင့်ရဲများအား စော်ကားနေကြောင်း ချင်းပြည်နယ် ကန်ပက်လက် ရဲစခန်းမှ CDM ပြုလုပ်လာတဲ့ ရဲတပ်သားတစ်သီးက ပြောပြပါတယ်။
အဆိုပါ ရဲတပ်သားက CDM ပြုလုပ်လာရခြင်းနဲ့ ပတ်သက်ပြီးပြောကြားတဲ့ ရုပ်သံကို ကန်ပက်လက် မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
CDM ဝင်ရန် အစောကတည်းက အစီအစဉ်ရှိပေမယ့် အခက်အခဲ အကြပ်အတည်းများရှိနေ၍ မဝင်ဖြစ်သေးဘဲ ယခု အခွင့်သာ၍ CDM ပြုလုပ်လာတာဖြစ်တယ်လို့ အဲဒီ ရဲတပ်သားက ပြောပါတယ်။
“ အခုကလည်း အုပ်ချုပ်မှုပိုင်းက တဖြည်းဖြည်းနဲ့ဖိနှိပ်လာ တာ။ လူကြီးတွေကလည်း အပေါ်ကနေ တဖြည်းဖြည်းနဲ့ အောက်က ငယ်သားတွေကို မကြည့်ဘဲ ခိုင်းချင်ရာခိုင်းတယ်။ တဖြည်းဖြည်းနဲ့ စည်းကမ်းပိုင်းတွေ တင်းကြပ်လာတယ်။ အဲဒါကြောင့်ရယ် ဒီပြင် စားဝတ်နေရေးလေးတွေလည်း အဆင်မပြေလာချင်ဘူး အဲဒါကြောင့်လည်း ပါပါတယ်” ဟု အဆိုပါ ရဲတပ်သားက ပြောပါတယ်။
သူ့ဟာ ပဲခူးတိုင်း ရဲတပ်ဖွဲ့ကနေ ကန်ပက်လက်သို့ ပြောင်းရွှေ့လာတာဖြစ်ပြီးလုပ်သက် ၈နှစ်ရှိပြီဖြစ်တယ်လို့ ပြောပြပါတယ်။ လက်ရှိ ရဲတွေဆိုတာဟာ စစ်ကောင်စီလက်အောက်မှာ အိမ်ဖော်သာသာလောက်သာ ရှိကြတယ်လို့ဆိုပါတယ်။
“အခုလည်း နိုင်ငံရေးမကောင်းတော့ သူတို့က ဆက်လက်အုပ်ချုပ်တာ ပိုပြီးတော့ တင်းကြပ်လာသထက် တင်းကြပ်နေတာ၊ ပိုပြီးတော့ နှိပ်ကွပ်တာပေါ့။ အဲဒီလိုမျိုးခံစားရတယ်။သူတို့ အကြီးပိုင်းတောင် မဟုတ်ဘူး အောက်က အငယ်ပိုင်း ဟိုးမနေ့တစ်နေ့က သင်တန်းဆင်းလာတဲ့ ကောင်တွေက ကိုတွေရဲတွေကို ကျွန်တော်တို့လို ရဲဘော်ထဲမှာ လုပ်သက်ရင့်တဲ့ကောင်တွေကို ပါးရိုက်မယ် နားရိုက်မယ် အဲဒီလိုမျိုး စော်ကားချင်တိုင်း စော်ကားတယ်။ အကြီးပိုင်းတွေဆိုရင်လည်း အုပ်ချုပ်တဲ့အပိုင်းမှာ ဖိနှိပ်ချုပ်ချယ်တဲ့အပိုင်းမှာပါတယ် မနေချင်တော့တာလည်း ပါတယ်” ဟု ကန်ပက်လက် CDF ထံ ရောက်ရှိပြီး CDM ပြုလုပ်ခဲ့တဲ့ ရဲတပ်သားက ပြောပြပါတယ်။
CDF အနေနဲ့ နွေးထွေးစွာ ကြိုဆိုပြီး လက်နက်နဲ့ အတူ CDM လုပ်ပါက ကျပ်သိန်း ၆၀ ပေးမယ်ဆိုတဲ့ ကတိအတိုင်း ကျပ်သိန်း ၆၀ ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
“အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်ဘယ်ပြောရမလဲဆိုတော့ ကျွန်တော်လိုပဲ ရုန်းထွက်ကြဖို့ပေါ့။ လက်နက်နဲ့တကွ မရုန်းထွက်နိုင်ရင်တောင်လူကြီးပဲ ရုန်းထွက်လာဖို့။ ကျွန်တော်တို့နဲ့ အခု CDFတွေနဲ့လက်တွဲပူးပေါင်းပါဝင်ဖို့ ပြောချင်ပါတယ်” ဟု အဆိုပါ CDM ရဲတပ်သားက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက နိုင်ငံတဝန်း ဒေသအသီးသီးမှာ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနေပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်သားတွေ ရဲတွေဟာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်က ရုန်းထွက်ပြီး ပြည်သူနဲ့အတူ ပူးပေါင်းလာတာတွေလည်း အများအပြားရှိနေဆဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။